ပြင်သစ် ဝမ်းနည်းခြင်း ၃ ရက်တာ သတ်မှတ်ကြေညာ

  • 15 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AP
Image caption ကားဒရိုင်ဘာကို ရဲတွေက နောက်ပိုင်းမှာ ပစ်ခတ်ပြီး အသေဖမ်းဆီးခဲ့။

ပြင်သစ် တောင်ပိုင်း၊ နိစ်မြို့မှာ လော်ရီကားနဲ့ တိုက်ခိုက်ခံရလို့ သေဆုံး ခဲ့ရသူတွေ အတွက် ပြင်သစ် တစ်နိုင်ငံလုံး ဝမ်းနည်း ကြေကွဲခြင်း အထိမ်းအမှတ် အဖြစ် ၃ ရက်တာ သတ်မှတ် ကြေညာ လိုက်ပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လွန်းဒ်က တစ်နိုင်ငံလုံး ငိုကြွေး နေရပြီလို့ ပြောပါတယ်။

နိစ်မြို့က ပင်လယ်ကမ်းခြေမှာ ဗာစတီးလ် အမျိုးသားနေ့ အထိမ်းအမှတ် မီးရှူးမီးပန်းတွေ ဖောက်အပြီး မကြာမီမှာပဲ လော်ရီကားကြီး တစ်စီးက လူအုပ်ထဲ ဝင်တိုက်ခဲ့တာ ဖြစ်ပြီး ကလေးငယ်တွေ အပါအဝင် အနည်းဆုံး ၈၄ ဦး သေဆုံး ခဲ့ပါတယ်။

လော်ရီ ကားမောင်းသမားက ကမ်းခြေစင်္ကြံ လမ်းတလျှောက်မှာ ၂ ကီလိုမီတာ လောက်အထိ မြွေလိမ်မြွေကောက် မောင်းပြီး လူတွေကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ဒရိုင်ဘာက ကားပေါ်ကနေ သေနတ်နဲ့ပါ ပစ်ခတ် တိုက်ခိုက်ခဲ့သေးပြီး ရဲတွေက သူ့ကို ပစ်သတ် ခဲ့ပါတယ်။ ကားထဲမှာ သေနတ်တွေနဲ့ လက်ပစ်ဗုံးတွေကို တွေ့ကြရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာက လူ ၁၃၀ သေဆုံးခဲ့ရတဲ့ ပဲရစ်မြို့ တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ပြီး ကတည်းက ပြင်သစ်မှာ ကြေညာ သတ်မှတ်ထားတဲ့ အရေးပေါ် အခြေအနေကို ဒီလကုန်မှာ ရုပ်သိမ်းဖို့ ဖြစ်ပေမယ့် အခုတော့ နောက်ထပ် ၃ လ ထပ်တိုး လိုက်ပါတယ်။

နိုင်ငံတကာကလည်း နိစ်မြို့ တိုက်ခိုက်မှုကို ဝိုင်းဝန်း ရှုတ်ချ ခဲ့ကြပါတယ်။

ဂျာမန် ဝန်ကြီးချုပ် အန်ဂျလာ မာ့ကဲလ်က ဒီဖြစ်ရပ်အပေါ် ခံစားရမှုကို စကားလုံးတွေနဲ့ မဖော်ပြနိုင်ပါဘူးလို့ ဥရောပ အာရှ ထိပ်သီး ညီလာခံမှာ ပြောပါတယ်။

အမေရိကန် သမ္မတ အိုဘားမားကလည်း ဒါဟာ ကြောက်ရွံ့ တုံလှုပ်ဖွယ် ဖြစ်ပြီး ပြင်သစ်နဲ့ ထပ်တူ ခံစားရတယ်လို့ ပြောပါတယ်။

ရုရှား သမ္မတ ပူတင်ကလည်း ရုရှား အနေနဲ့ အခုလို ဆိုးရွား ခက်ခဲတဲ့ ကာလမှာ ပြင်သစ် ပြည်သူတွေနဲ့ အတူ တသားတည်း ရှိနေတယ်လို့ ဆိုပါတယ်။

ကားဒရိုင်ဘာဟာ တူနီးရှား နွယ်ဖွား ဖြစ်တယ် ဆိုတာကို ဖော်ထုတ် နိုင်ခဲ့ပြီးနောက်မှာ တူနီးရှား အစိုးရကလည်း အဲဒီ အကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ