နိစ်တိုက်ခိုက်မှု လူငါးယောက်ကို ဖမ်းထား

  • 16 ဇူလိုင် 2016
Image caption ပြင်သစ်နိုင်ငံ နီးစ်မြို့ တိုက်ခိုက်မှုမှာ သုံးခဲ့တဲ့ လော်ရီကားကို အရှေ့က တွေ့ရပုံ

လူရှစ်ဆယ်ကျော် သေဆုံးခဲ့ရတဲ့ ပြင်သစ်နိုင်ငံ နီးစ်မြိုံက ထရပ်ကားနဲ့ အကြမ်းဖက် တိုက်ခိုက်မှုဟာ သူတို့အဖွဲ့၀င် နောက်လိုက် တယောက်ရဲ့ လက်ချက်လို့ အစ္စလာမစ် နိုင်ငံ အဖွဲ့က ပြောပါတယ်။

လတ်တလောမှာ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရဲက ဖမ်းထားသူ ငါးယောက် ရှိသွားပါပြီ။

ဒီတိုက်ခိုက်မှု အတွင်း လူအများအပြား သေဆုံးခဲ့ရတဲ့ အတွက် ပြင်သစ်မှာ ၀မ်းနည်းခြင်း အထိမ်းအမှတ် သုံးရက် ကျင်းပမယ်လို့ သတ်မှတ်ခဲ့ကြပြီး ဒီနေ့ စလုပ်ခဲ့ပါတယ်။

တချိန်တည်းမှာ ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလွန်းက ဦးဆောင်ပြီး ထိပ်တန်း လုံခြုံရေး အကြံပေးတွေနဲ့ အစည်းအဝေး ကျင်းပနေပါတယ်။

အရေးပေါ် အခြေအနေ ကြေညာချက်ကိုလည်း အခုလကုန်ထိ ရက် ထပ်တိုးခဲ့ပြီး အရန်တပ်ဖွဲ့တွေနဲ့ နိုင်ငံတလွှားမှာ လုံခြုံရေး တိုးမြှင့်ချထားမယ်လို့ သူက ကြေညာခဲ့ပါတယ်။

အစ္စလာမ် ဝါဒီ အကြမ်းဖက် သမားတွေကို အစိုးရက လက်တုန့်ပြန် နှိမ်နင်းမှုဟာ ပြည့်စုံ လုံလောက်မှု မရှိဘူးလို့ အတိုက်အခံ ခေါင်းဆောင်တွေက ဝေဖန်ကြောင်း ပဲရစ်စ်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပြင်သစ် အမျိုးသားနေ့ ပွဲတော် ကို ဆင်နွှဲ နေကြတဲ့ လူစုလူဝေးကို တိုက်ခိုက်ခဲ့တာ ကြောင့် လူ ၈၄ ယောက် သေဆုံးခဲ့တာ နဲ့ ပတ်သက်လို့ ပြင်သစ် နိုင်ငံ ရဲ့ တရားလို ရှေ့နေ က ဒါဟာ အစ္စလာမ်မစ် စစ်သွေးကြွ တွေရဲ့ အထင်အရှား ပြယုဂ် လို့ ပြောပါတယ်။

ရှေ့နေ ဖရန်ဆွာ မိုလင်းစ် က တိုက်ခိုက်ခဲ့သူ နဲ့ပတ်သက်ပြီး သိထားပြီး သမျှတွေ ပြောပြရာမှာ မိုဟာမက် လဝှက်ရှ်ဘူလယ် ဟာ ကားဒရိုင်ဘာ ဖြစ်ပါတယ်။

ကုန်ပစ္စည်းတွေ လိုက်လံပို့ဆောင်သူ ဖြစ်တယ်။ တူနီးရှား နိုင်ငံသားဖြစ်ပြီး လက်ထပ်ဖူးသူ၊ သားသမီးတွေ ရှိသူ လို့ ပြောပါတယ်။

သူနဲ့ကွဲထားတဲ့ ဇနီးဟောင်း ကိုလည်း ရဲတပ်ဖွဲ့ က ထိန်းသိမ်းထားကြောင်း နဲ့ ဒီလူ ကို့ ရဲ က အသေးစား ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့သူ တယောက် အဖြစ် သိထားခဲ့ကြောင်း ပြောပါတယ်။

ဒါပေမယ့် သူဟာ အစွန်းရောက် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်တာ ရှိ မရှိ ဆိုတာ ကိုတော့ စုံစမ်း ဆဲပဲ လို့လည်း ပြောသွားပါတယ်။

ဒီ မိုဟာမက် လဝှက်ရှ်ဘူလယ် လူဟာ ဒီနှစ်အတွင်းမှာ ပဲ ကားလမ်းပေါ်မှာ ကိစ္စတခုနဲ့ စကားများကြပြီး တခြား ကားမောင်းသမား တယောက် ကို ထိုးကြိတ် တိုက်ခိုက်ခဲ့ဖူးတယ် ဆိုတဲ့ ရဲမှတ် တမ်းတွေ ရှိပေမယ့် ထောက်လှမ်းရေး ဆိုင်ရာ မှတ်တမ်းတွေမှာ တော့ သူ့ အကြောင်း ဘာမှ မရှိခဲ့ပါဘူး ။

အခုတော့ သူ့ ဇနီးဟောင်းကို လုံခြုံရေး တပ်ဖွဲ့တွေ က စစ်မေးနေပါတယ်။ သူ့ရဲ့ ဖခင်ဖြစ်သူ ကတော့ သူ့ သားဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူ လို့ ဆိုပါတယ်။ သူ ဟာ ဆေးအမြဲသောက်ရသူပါ။ သူတို့အနေနဲ့တော့ သူ့နေကောင်းနေတယ်လို့ ထင်မိခဲ့တယ်။ သူ့ကို စိတ်ရောဂါကု ဆရာဝန်ဆီ ခေါ်ပြခဲ့တယ် သူ ကလည်း ဆရာဝန်ပြောတဲ့အတိုင်း လိုက်နာပါတယ်။

ဒါပေမယ့် တခါတခါ သူ ထ ဖောက်ရင် တွေ့ရာမြင်ရာတွေ ကို ဖျက်ဆီး ပစ်တဲ့ ဟာမျိုးလုပ်တာတွေလည်း ရှိခဲ့တယ်။ အဲလို ဖြစ်ပြီးတိုင်းလည်း သူ ဆေးသောက်ဖို့လိုတယ် ဆိုတာ သူ့ဘာသာ သူ ပြောနေတယ်လို့ ဆိုပါတယ်။

ဒီ ပြင်သစ်နိုင်ငံအနေနဲ့ ဥရောပမှာ လောလောဆယ် နှစ်တွေ အတွင်း လူအသေအပျောက်များတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ခံရတဲ့ နိုင်ငံဖြစ်နေတာပါ။

မနှစ်က ပဲရစ်မှာ အိုင်အက်စ်တို့က တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ တိုက်ခိုက်မှုမှာ လည်း လူ ၁၃ဝ သေဆုံးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ