ပြင်သစ်မှာ ကားနဲ့ တိုက်ခိုက်မှုအကြောင်း ပြောပြချက်

  • 15 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ထရပ်ကားနဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၈၇ ဦး သေဆုံး။

ပြင်သစ် တောင်ပိုင်းက နိစ်မြို့မှာ ဗာစတီး နေ့လို့ ခေါ်တဲ့ အမျိုးသားနေ့ ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပအပြီးမှာ လူတယောက်က ထရပ်ကားနဲ့ လူအုပ်ထဲကို ဝင်တိုက် ခဲ့ရာမှာ မသေဘဲ သီသီလေးလွတ်မြောက်ခဲ့တဲ့ နဒါ အယ်လ် ရှဖေး က သူ့အတွေ့အကြုံကို ပြန်ပြောပြ ပါတယ်။

“မီးရှူးမီးပန်းတွေ ဖောက်ပြီး ငါးမိနစ် အကြာမှာ လူတွေက လမ်းလယ်ကောင်ကို ရောက်လာကြတုန်း အော်သံအကျယ် ကြီးကြားလိုက်ရတယ်။ ထရပ်ကားတစီး ကျွန်တော့် ဘက်ကို မောင်းလာတာ လှမ်းတွေ့ရတယ်။”

“ကျွန်တော်က ကားရှေ့တည့်တည့်မှာ။ အဲဒီ ကားအောက်မှာ လူတွေ အကြိတ် ခံထားရတာကိုလည်း တွေ့ရတယ်။”

“ကားက ကျွန်တော့်ရှေ့ တမီတာ လောက်မှာ ရပ်သွားတယ်။ မောင်းတဲ့သူကို လှမ်းမြင်နေရတယ်။”

“ပထမတော့ ဒါ မတော်တဆဖြစ်တာပဲလို့ ထင်လိုက်တယ်။ ကားကို မထိန်းနိုင်လို့ လူတွေကို ဝင်တိုက်တာ ဆိုပြီးပေါ့။”

“အဲဒါနဲ့ ကျွန်တော်လည်း သူ့ကို ရပ်ဖို့ လှမ်းအော်တယ်။ ဒါပေမယ့် သူက ဘယ်သူ့ကိုမှ မကြည့်ဘူး။ စိတ်လှုပ်ရှားနေတဲ့ပုံနဲ့ တခုခုကို ရှာနေသလိုမျိုး တွေ့ရတယ်။”

“သူ့လက်က ကားစတီယာရင်ပေါ်မှာ ဆိုတော့၊ အော် သူကားကို ရပ်သွားအောင် ကြိုးစားနေတာပဲလို့ ထင်တာပေါ့။”

“ဒါပေမယ့် သူကတခုခုကို ကောက်ကိုင် လိုက်တယ်။ မိုဘိုင်းဖုန်းလိုလို ဘာလိုလိုပဲ။ ဒါနဲ့ သူ လူနာတင်ကားကို ဖုန်းဆက် နေတာလို့ ထင်လိုက်တယ်။”

“ချက်ချင်းဘဲ ကျွန်တော့်နောက်မှာ ရဲတွေ ရောက်လာတယ်။ ကျွန်တော်က ကားဖက်ကို မျက်နှာမူထားတော့ သူသေနတ်ကို လှမ်းယူပြီး ပြူတင်းပေါက်ကနေ လှမ်းပစ်တာကို တွေ့တယ်။”

“အဲဒီ အချိန်မှာ ရဲတွေက ကျွန်တော့်ကို တွန်းဖယ်ပြီး ပြေးဖို့ပြောတယ်။”

“သွားတော့၊ သွားတော့ ဆိုပြီး ဆက်တိုက်ပြောနေတာနဲ့ ကျွန်တော် အနောက်ကို လေးမီတာလောက် ဆုတ်လိုက်တယ်။”

“ပြီးတော့ ကျွန်တော့် ဆဲလ်ဖုန်းနဲ့ ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေကို ဗီဒီယို လိုက်ရိုက်တယ်။”

“ကျွန်တော် ပြေးဖို့ သတိမရဘူး။ ရဲတွေက အဲဒီလူကို ပစ်သတ်လိုက်တဲ့ အထိ ကျွန်တော် ဗီဒီယို လိုက်ရိုက်နေတာ။”

“ရဲက ကျွန်တော် ရိုက်နေတာကို တွေ့တယ်။ ကျွန်တော့်ဆီ လာပြီး ထွက်ပြေးဖို့ အော်ပြောတယ်။ ပြီးတော့ ဝပ်လိုက်၊ ဝပ်လိုက်လို့ အော်သံကြားတော့ ကျွန်တော်လည်း ဝပ်ချလိုက်တယ်။”

“မြေကြီးပေါ်မှာ လှဲချပြီးတော့ ဆက်ရိုက်တယ်။ ရဲက နောက်တခါ ရောက်လာပြီး အားလုံး ကမ်းခြေဘက်ကို ပြေးကြဖို့ ပြောတယ်။ ထရပ်ကား ပေါ်မှာ ဗုံးရှိတယ်လို့ ယူဆတယ် ထင်တယ်။”

“အဲဒီအချိန်မှာ ကျွန်တော်လည်း အခြေအနေ တကယ်ဆိုးနေပြီ ဆိုတာ သဘောပေါက်လိုက်ပြီး၊ တခြားလူတွေနဲ့အတူ ကမ်းခြေဘက်ကို ထွက်ပြေးခဲ့တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ