တူရကီ အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ လူသုံးထောင်နီးပါး အဖမ်းခံရ

  • 16 ဇူလိုင် 2016
Image caption တူရကီ ဝန်ကြီးချုပ် ဘင်နာလီ ရာလီရင်

တူရကီနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မမြင်ဖြစ်ခဲ့ပြီး အစိုးရကိုပုန်ကန် တယ်လို့ သံသယရှိသူတွေ ထောင်နဲ့ချီ အဖမ်းခံ ထားရပါတယ်။

အာဏာသိမ်းမှုဖြစ်ရတဲ့ အဓိက အကြောင်းရင်း ကတော့ တူရကီနိုင်ငံမှာ သမ္မတ အာဒိုဝမ် ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ရော၊ အိမ်နီးချင်း ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ ပတ်သက်လို့ပါ စိတ်ဝမ်းကွဲ ပြားမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေတာကြောင့် ဖြစ်ပါတယ်။

သမ္မတအာဒိုဝမ်နဲ့ သူ့ရဲ့ AK ပါတီဟာ ရွေးကောက်ပွဲ အနိုင်ရအောင် လုပ်တဲ့နေရာမှာ ကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။

ဒါပေမယ့် ဒီမိုကရေစီ စံနစ် ရေရှည်ခိုင်မြဲအောင် မစ္စတာအာဒိုဝမ် က တကယ် ဆန္ဒရှိရဲ့လားဆိုတာကို သူ့အပေါ် သံသယ ရှိလာ နေပါတယ်။

သူဟာ အစ္စလာမ္မစ် အယူဝါဒကို နိုင်ငံရေးမှာ ထည့်သွင်း စဉ်းစားသူဖြစ်ပြီး ခေတ်သစ် တူရကီနိုင်ငံရဲ့ ဘာသာရေးနဲ့ နိုင်ငံရေး မရောယှက်ရေးအမြင်ကို ပယ်ချ ထားခဲ့ပါတယ်။

မစ္စတာအာဒိုဝမ်ဟာ တဖြည်းဖြည်း အာဏာရှင် ဆန်လာပြီး၊ နိုင်ငံရဲ့ အာဏာ အများစုကို သမ္မတ၊ တဦးတည်းက ချုပ်ကိုင်ထားတဲ့ ပုံစံမျိုးကို ရောက်အောင် ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

အာဏာသိမ်းဖို့ ကြိုးပမ်းသူတွေက နိုင်ငံကို ဒီမိုကရေစီစံနစ်ဆီ ပြန်ရောက်အောင် လုပ်ဖို့ရည်ရွယ် တာလို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် မနေ့ညက တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အစ္စတန်ဘူး မြို့က ပြည်သူတွေကတော့ သူတို့ကို ရှုတ်ချခဲ့ပါတယ်။ ဒီပြဿနာတွေ ဖြစ်မလာခင် ပြီးခဲ့တဲ့နှစ်တွေ အတွင်းက ဖြစ်ရပ်တွေကို ပြန်သုံးသပ် ကြည့်ရင်တော့၊ ဆီးရီးယား စစ်ပွဲအစမှာကတည်းက မစ္စတာအာဒိုဝမ်ရဲ့ အစိုးရဟာ သမ္မတအာဆတ်ကို ဆန့်ကျင်တဲ့ အစ္စလာမ္မစ် ဝါဒီတွေ ဖက်က ရပ်တည်ပြီး ထဲထဲဝင်ဝင် ပါဝင်ပတ်သက် ခဲ့ပါတယ်။

ဒါပေမယ့် အကြမ်းဖက်မှုတွေဟာ နယ်ခြားစည်းကို ကျော်လွန်ပြီး တူရကီနိုင်ငံထဲ အထိ ရောက်ရှိလာခဲ့ပါတယ်။

တူရကီနိုင်ငံ ထဲက PKK ကာ့ဒ်သူပုန်အုပ်စုအပေါ် ကူညီအားပေးသူတွေ ရှိလာသလို အစ္စလာမ္မစ် နိုင်ငံအဖွဲ့လို ဂျီဟတ်ဝါဒီတွေ ကလည်း တူရကီကို ပစ်မှတ် ထားလာ ကြပါတယ်။

ဒီဖြစ်ရပ်တွေကြောင့် မကျေနပ်မှု အများအပြားကို ကြီးထွားလာ စေခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာ တူရကီနိုင်ငံဟာ မတည်ငြိမ်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပြီး သမ္မတ အာဒိုဝမ်ကို ဖြုတ်ချဖို့ ကြိုးစားတာ တခုထဲနဲ့တင် ပြီးသွားမှာ မဟုတ်ဘူးလို့ ဘီဘီစီ အရှေ့ အလယ်ပိုင်းရေးရာ အယ်ဒီတာ ဂျရယ်မီဘိုဝင်က သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ