ဒီမိုကရေစီကို စစ်သားတွေ လုယူလို့ မရ ဆိုပြီး တူရကီ ပြည်သူတွေ ဟစ်ကြွေး

_erdogan_
Image caption စ်အာဏာ သိမ်းဖို့ ကြိုးစား ခံခဲ့ရတဲ့ သမ္မတ ရာဂျစ် တိုင်ရိ(ပ်) အာဒိုအန်။

တူရကီ နိုင်ငံမှာ စစ်အာဏာ သိမ်းဖို့ ကြိုးစားမှု မအောင်မြင် ခဲ့တဲ့နောက် နိုင်ငံ တလွှားက မြို့ကြီး တွေမှာ သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ လမ်းတွေပေါ် သီချင်းတွေ ဆိုကြ၊ နိုင်ငံတော် အလံတွေ ဝှေ့ရမ်း ကြနဲ့ ရှိနေ ခဲ့ကြပြီး လက်ရှိ အစိုးရကို ထောက်ခံကြောင်း ပြသ နေ ခဲ့ကြပါတယ်။

ည အချိန် ရောက်လာ တဲ့တိုင် အစ္စတန်ဘူလ် မြို့က ရင်ပြင်တွေ မှာ လူတွေ စုဝေး နေကြပြီး တူရကီ နိုင်ငံရဲ့ ဒီမိုကရေစီ ကို စစ်သားတွေ လုယူလို့ မရဘူး ဆိုပြီး ကြွေးကြော် နေခဲ့ ကြပါတယ်။

စစ်အာဏာ သိမ်းဖို့ ကြိုးစား ခံခဲ့ရတဲ့ သမ္မတ ရာဂျစ် တိုင်ရိ(ပ်) အာဒိုအန် ဟာ သူ့ကို ထောက်ခံ အားပေးကြတဲ့ လူအုပ်ကြီးကို ပါလီမန်အရှေ့ မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။

ဒါဟာ မအောင်မြင် ခဲ့တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပေါ် ခဲ့ပြီး ၂၄ နာရီ မပြည့်ခင်မှာ တူရကီ သမ္မတ ဟာ ပြုံးပြုံးရွှင်ရွှင် သက်တောင့်သက်သာ နဲ့ပဲ လူထုကို စကားပြောလာတာ ဖြစ်ပါတယ်။

ပါလီမန်ရှေ့ စုရုံး နေကြတဲ့ လူထုကြီးကတော့ အာဏာသိမ်းဖို့ အစီအစဉ်ထဲ ပါဝင်ခဲ့ကြ သူတွေကို သေဒဏ် ချမှတ် အပြစ်ပေးဖို့ အော်ဟစ် တောင်းဆို ခဲ့ကြပါတယ်။

မစ္စတာ အာဒိုအန် က အမေရိကန် ရောက် တူရကီ နိုင်ငံရေး အတိုက်အခံ သမား လည်းဖြစ် ဘာသာရေး ဆရာ တစ်ယောက်လည်း ဖြစ်တဲ့ ဖာတူလာ ဂူလန်ဟာ စစ်အာဏာ သိမ်းဖို့ လှုံဆော် ခဲ့သူ အဖြစ် စွပ်စွဲ နေပြီး၊ သူ့ကို တူရကီ နိုင်ငံကို လွှဲပြောင်း ပေးဖို့ အမေရိကန် အစိုးရကို တောင်းဆို နေပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption မစ္စတာ ဂူလန်ကတော့ သမ္မတ အာဒိုအန် ရဲ့ စွပ်စွဲမှုကို ငြင်းဆို ။

မစ္စတာ ဂူလန်ကတော့ သမ္မတ အာဒိုအန် ရဲ့ စွပ်စွဲမှုကို ငြင်းဆို ခဲ့တဲ့ အပြင်၊ စစ် အာဏာ သိမ်းဖို့ ကြိုးစား ခဲ့တဲ့ လုပ်ရပ် ကိုလည်း ရှုတ်ချ ပြစ်တင် ခဲ့ပါတယ်။

လက်ရှိ တူရကီ အစိုးရ က အာဏာကို သေချာ ပြန်လည် ဆောက်တည် နိုင်ဖို့ အတွက် လုပ်ဆောင် လာရာမှာ စစ် အမှုထမ်း ၃ ထောင်နီးပါး ကို ထိန်းသိမ်း လိုက်ပြီး၊ တရားသူကြီးပေါင်း ၂ ထောင့် ၅ ရာ ကျော်ကို လည်း ရာထူးကနေ ဖယ်ရှား ခဲ့ပါတယ်။

တူရကီ သမ္မတရုံးရဲ့ ထုတ်ပြန် ချက်အရ စစ်အာဏာ သိမ်းဖို့ ကြိုးစားမှု အတွင်း သေဆုံးသူ စုစုပေါင်း ၂၆၅ ယောက် ရှိခဲ့ပြီး အများစုဟာ အရပ်သားတွေ ဖြစ်ကြပါတယ်။

ဒီဖြစ်ရပ် နောက်ပိုင်း ပါလီမန် အထူးအစည်းအဝေး တစ်ရပ် ကျင်းပ ခဲ့တာမှာ အစည်းအဝေး အစမှာ တစ်မိနစ် ငြိမ်သက် ခဲ့ကြပါတယ်။

စစ် အာဏာသိမ်းဖို့ ကြိုးစား ခဲ့တဲ့ ဖြစ်ရပ် အပေါ် တူရကီ ပါလီမန်ထဲက အဓိက နိုင်ငံရေး ပါတီ ၄ ခု စလုံးက တညီတညွတ် တည်း ကန့်ကွက် ရှုတ်ချ ခဲ့ကြ ပါတယ်။

စစ်အာဏာ သိမ်းမှု အပေါ် အခုလို ပါတီတွေ တစ်ပေါင်း တစ်စည်းတည်း ဆန့်ကျင်ကြတဲ့ ရပ်တည်ချက်ဟာ တူရကီရဲ့ ဒီမိုကရေစီ အရေး အတွက် တန်ဖိုးဖြတ် မရအောင် အရေးကြီး လှတယ်လို့လည်း နိုင်ငံရေး ပါတီတွေက ဆိုပါတယ်။

စစ်အာဏာ သိမ်းဖို့ ကြံစည်ခဲ့တဲ့ ညမှာ ပါလီမန် အဆောက်အဦ လည်း သံချပ်ကာ အမြှောက် ကားတွေ နဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ခံခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption တူရကီ အစိုးရ အနေနဲ့လည်း ဥပဒေ နဲ့ အညီ ပြုမူကြဖို့ အိုဘားမား တိုက်တွန်း။

ဒီ အချိန်မှာပဲ၊ အမေရိကန် သမ္မတ အိုဘားမားက တူရကီ နိုင်ငံမှာ ဒီမိုကရေစီ နည်းကျ အရွေးကောက် ခံထားရတဲ့ အရပ်သား အစိုးရ အပေါ် အမေရိကန် အစိုးရ အနေနဲ့ အပြောင်းအလဲ မရှိ ထောက်ခံ သွားမှာ ဖြစ်ပေမယ့်၊ တူရကီ အစိုးရ အနေနဲ့လည်း ဥပဒေ နဲ့ အညီ ပြုမူကြဖို့ တိုက်တွန်း ပြောဆို ခဲ့ပါတယ်။

တူရကီ နိုင်ငံမှာ ဖြစ်ပေါ် ခဲ့တဲ့ အာဏာသိမ်းဖို့ ကြိုးစား ခဲ့မှု အပေါ် တကမ္ဘာလုံး အနှံ့ နိုင်ငံပေါင်း အများအပြား ကလည်း ကန့်ကွက် ရှုတ်ချ ခဲ့ပါတယ်။

ဒီမိုကရေစီ ကို ကာကွယ်သူတွေ နဲ့အတူ ရပ်တည်မယ်လို့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ်က ပြောဆို ခဲ့သလို၊ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ယန်း မာ့ခ် အေရူး ကလည်း အခု အဖြစ်အပျက် နောက်ပိုင်း တူရကီရဲ့ ဒီမိုကရေစီ ဟာ ပိုပြီး တောင့်တင်း ခိုင်မာ လာမယ်လို့ မျှော်လင့်ကြောင်း ပြောဆို ခဲ့ပါတယ်။

ဗြိတိန်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးသစ် ဘောရစ် ဂျွန်ဆင် ကလည်း တူရကီ အစိုးရ ကို ထောက်ခံ ကြောင်း ပြောဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ