အစိုးရ တပ်တွေရဲ့ ထိုးစစ် ရပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့တုန်း UNFC တောင်းဆို

  • 17 ဇူလိုင် 2016
assk_unfc_meeting
Image caption ငြိမ်းချမ်းရေး ညီလာခံ မှာ ပါဝင်သင့် ပါဝင်ထိုင်သူ တွေ ပါဝင် နိုင်ရေး အတွက် နှစ်ဖက် ညှိနှိုင်း ဆောင်ရွက် ကြမယ်။

မြန်မာ နိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ အစိုးရ စစ်တပ်က ထိုးစစ် ဆင်နေတာတွေ ရပ်တန့် ရေး နဲ့ ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံတုန်း အထူး ပြောဆို ဆွေးနွေး ခဲ့တယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ထုတ်ပြန်ပါတယ်။

အစိုးရက ကျင်းပဖို့ ကြိုးစား နေတဲ့ ငြိမ်းချမ်းရေး ညီလာခံ အထမြောက် လာဖို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု ဖြစ်တဲ့ UNFC အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ဇူလိုင် ၁၇ ရက် တနင်္ဂနွေ နေ့က နှစ်နာရီ နီးပါး တွေ့ဆုံ ခဲ့ကြတာ ဖြစ်ပါတယ်။

တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ ပါဝင် လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ ဖြစ်တဲ့ ကချင် လွတ်မြောက်ရေး အဖွဲ့ KIO၊ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA၊ မွန်ပြည်သစ် ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP အဖွဲ့တွေ ရဲ့ ခေါင်းဆောင် တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ပထမဆုံး တွေ့ဆုံ ခဲ့ကြတဲ့ ပွဲလည်း ဖြစ်ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောင်ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တရား ဥပဒေ စိုးမိုးရေး အခြေခံနဲ့ အကောင်အထည် ဖော်သွား မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့တယ် ဆိုပြီး UNFC ရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

၂၁ ရာစု ပင်လုံ ညီလာခံလို့ ခေါ်တဲ့ ငြိမ်းချမ်းရေး ညီလာခံ မှာ ပါဝင်သင့် ပါဝင်ထိုင်သူ တွေ ပါဝင် နိုင်ရေး အတွက် နှစ်ဖက် ညှိနှိုင်း ဆောင်ရွက် ကြဖို့ ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေး နွေး ခဲ့ကြတယ်လို့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရုံးက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ