တူရကီမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ လူခြောက်ထောင် ဖမ်းထား

  • 17 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ ရာရစ် တေရစ်ပ် အာဒို၀မ်

တူရကီမှာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ဖြစ်ခဲ့တဲ့ မအောင်မမြင်ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကို ဗိုင်းရပ်ပိုးနဲ့ သမ္မတ ရာရစ် တိုင်ရစ်ပ် အာဒို၀မ် က ခိုင်းနှိုင်းလိုက်ပြီး အစိုးရ အနေနဲ့ ဒါကို သုတ်သင် တိုက်ဖျက် ချေမှုန်း သွားမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုမှာ ပါတဲ့သူတွေ အတွက် ပြေးစရာ မြေမရှိဘူးလို့လည်း သူက အာဏာသိမ်းပွဲမှာ သေဆုံးသွားခဲ့သူ တယောက်ရဲ့ စျာပနမှာ ပြောကြားခဲ့ပါတယ်။

လတ်တလောမှာ ဖမ်းထားသူ ခြောက်ထောင်ကျော်သွားပြီလို့ တရားရေး ၀န်ကြီးဌာနက ဆိုပြီး အဲဒီ အထဲမှာ အမေရိကန်တွေ ဆီးရီးယားက အိုင်အက်စ် စစ်သွေးကြွတွေကို နှိမ်နင်းတဲ့ အခါ သုံးလေ့ရှိတဲ့ Incirlik လေတပ် စခန်းက တပ်မှူး တယောက် ပါ၀င်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခု အဖမ်းခံထားရတွေဟာ အမေရိကန်မှာ ခိုလှုံနေတဲ့ ၊ အစိုးရက အာဏာသိမ်းပွဲ ဉီးဆောင်သူလို့ စွပ်စွဲခံနေရတဲ့ ဖာတူလာ ဂူလန်ရဲ့ နောက်လိုက်တွေလို့ တရားရေး ဌာနက ဆိုပါတယ်။

မစ္စတာ ဂူလန် ကတော့ ဒီကိစ္စမှာ သူဘာမှ ပါ၀င် ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။

တူရကီမှာ သေဒဏ်ပေးတာကို ပြန်ကျင့်သုံးနိုင်အောင် အဆိုပြုချက်ကို ပါလီမန်က စဉ်းစားကောင်း စဉ်းစားနိုင်တယ်လို့ သမ္မတ အင်ဒိုဝမ်က ပြောပါတယ်။

အခု အာဏာသိမ်းမှု နောက်ကွယ်မှာ ပါသူတွေဟာ ကြီးလေးတဲ့ ပစ်ဒဏ်ခံရမယ်လို့ သမ္မတက သတိပေးလိုက်ပြီး အခုလို တော်လှန်မှုက တဆင့် စစ်တပ်ကို ရှင်းလင်းဖို့ အခွင့်အရေး ရသွားတယ်လို့ဆိုပါတယ်။

နောက်တခါ ဟစ်မက်လှုပ်ရှားမှုရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်လဲဖြစ် စစ်တပ်အကြီးအကဲတွေ အလယ်အလတ် ဗျူရိုကရက်တွေရဲ့ ထောက်ခံမှုလည်းရှိတဲ့ ဂူလန်ကို အမေရိကန်အစိုးရက ပြန်လွှဲပြောင်းပေးဖို့သမ္မတ အင်ဒိုဝမ်က တောင်းဆိုထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကတော့ စစ်ဆေးမှုကို ခံယူနိုင်တဲ့ တရားဝင် အထောက်အထားမျိုး တူရကီက တင်ပြဖို့လိုတယ် ၊ အဲဒီတွေ့ရှိချက်တွေပေါ်မူတည်ပြီး သင်တော်တဲ့ ဆုံးဖြတ်ချက်မျိုး ပေးမယ်လို့ တုန့်ပြန်ပါတယ်။

အသက်၇၅နှစ်အရွယ် မစ္စတာဂူလန်က အခုအာဏာသိမ်းရာမှာ ဘာမှ သူပါဝင်ပတ်သက်မှုမရှိဘူးလို့ ပြောပါတယ်။

သူဟာ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ အခြေချတာ ၁၅နှစ်ရှိနေပြီး သူ့နောက်လိုက်တွေ ဘယ်သူရှိတယ် ဆိုတာလည်း မသိကြောင်း ပြောပါတယ်။

တူရကီ အလုပ်သမားဝန်ကြီး ကတော့ အခု အာဏာသိမ်းမှု နောက်ကွယ်မှာ အမေရိကန်ပါတယ်လို့ စနေနေ့က ပြောပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အခုစွပ်စွဲချက်ကို အပြင်းအထန် ငြင်းဆန်ပါတယ်။

ဒါဟာ နှစ်နိုင်ငံဆက်ဆံရေးကို အန္တရာယ်ပေးနိုင်တယ်လို့လည်းတုန့်ပြန်ခဲ့ပြီး သမ္မတအိုဘားမား အပါအဝင်ကမ္ဘာ့ခေါင်းဆောင်တွေကတော့တူရကီမှာ ဘက် အားလုံး ဥပဒေဘောင်ထဲက ဆောင်ရွက်ကြဖို့ တိုက်တွန်းနေပါတယ်။

သမ္မတအင်ဒိုဝမ်အနေနဲ့ တနေ့တခြား အာဏာရှင်ဆန်လာနေတယ်လို့ ပစ်တင်ဝေဖန်သူတွေက အခုလို အာဏာသိမ်းဖို့ ကြိုးပမ်းတာကို အလျင်အမြန် နှိမ်နင်းတဲ့အပေါ် ကြိုဆိုလိုက်ပြီး ဒါဟာ ဒီမိုကရေစီရဲ့ အောင်ပွဲပဲလို့ ပြောကြပါတယ်။

ဒါပေမယ့် အခုအခါ သမ္မတ က အာဏာသိမ်းတဲ့ဘက်ကို အနိုင်ရလိုက်တဲ့အတွက် ဒီအခွင့်အရေးကို သူကိုယ်တိုင် အပြည့်အဝအသုံးချပြီး တူရကီရဲ့တန်ဘိုးကြီးတဲ့ ဒီမိုကရေစီအနေနဲ့ ဘယ်လောက်ခံနိုင်မလဲဆိုတာ စိုးရိမ်နေကြတယ်လို့ ဘီဘီစီ အရှေ့အလယ်ပိုင်း အယ်ဒီတာက သုံးသပ်ထားပါတယ်။

တူရကီက မအောင်မမြင် ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကို အကြောင်းပြပြီး အတိုက်အခံတွေကို တရားမဲ့ လိုက်လံ ဖမ်းဆီးဖို့ သမ္မတ အာဒို၀မ်ကို တူရကီ လူထုက အပြည့်အ၀ ခွင့်ပေးထားတာ မဟုတ်ဘူးလို့ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး က သတိပေးလိုက်ပါတယ်။

တူရကီမှာ တရားဥပဒေ အပြည့်အ၀ စိုးမိုးဖို့ လိုနေပြီး ဥရောပရဲ့ ဒီမိုကရေစီ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း လိုက်နာ လုပ်ဆောင်ဖို့ နက်ဖြန် တနလာနေ့ကျရင် ဘရပ်ဆဲစ် မြို့မှာ အီးယူ ၀န်ကြီးတွေက တိုက်တွန်းလိမ့်မယ်လို့ ဆိုပါတယ်။

ရုရှား သမ္မတ ပူတင်ကလည်း တူရကီ အာဏာသိမ်းမှုကို ရှုတ်ချလိုက်ပြီး တည်ငြိမ်မှု အမြန်ပြန်ရဖို့ မျော်လင့်ကြောင်း မစ္စတာ အာဒို၀မ်ကို ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ