စစ် အာဏာသိမ်းပွဲ အတွင်း သေဆုံးခဲ့ သူတွေရဲ့ စျာပန ပွဲတွေကို တူရကီ ပြည်သူအများ တက်ရောက်

  • 17 ဇူလိုင် 2016
_turkey_coup
Image caption မစ္စတာ အိုလာဂျက် ရဲ့ အသုဘ အခမ်းအနားမှာ သမ္မတ အာဒိုအန် စကားပြောတုန်း မျက်ရည်ကျ။

တူရကီ နိုင်ငံမှာ ဖြစ်ပေါ် ခဲ့တဲ့ စစ်အာဏာသိမ်းဖို့ ကြိုးစား ခဲ့မှု အတွင်း သေဆုံး ခဲ့ရသူတွေရဲ့ စျာပန အခမ်းအနားတွေ ကျင်းပ ခဲ့တာမှာ လူတွေ ထောင် ပေါင်းများစွာ လိုက်လံ ပို့ဆောင် ခဲ့ကြပါတယ်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ သေဆုံးသူ အရေအတွက် သုံးရာ နီးပါး ရှိပြီး နောက်ထပ် ၁၄၀၀ ဝန်းကျင်လည်း ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

သေဆုံးသူတွေ ထဲ သမ္မတ ရာဂျစ် တိုင်ရိ(ပ်) အာဒိုအန်ရဲ့ မိတ်ဆွေလည်းဖြစ်၊ နိုင်ငံရေး မဟာမိတ်လည်း ဖြစ်တဲ့ အေရိုးလ် အိုလာဂျက် လည်း ပါဝင် ခဲ့တာမှာ မစ္စတာ အိုလာဂျက် ရဲ့ အသုဘ အခမ်းအနားမှာ သမ္မတ အာဒိုအန် စကားပြောတုန်း မျက်ရည်ကျ ခဲ့ပါတယ်။

သောကြာ နေ့တုန်းက ဖြစ်ခဲ့တဲ့ မအောင်မြင်တဲ့ စစ် အာဏာသိမ်းမှုထဲ ပါဝင် ပတ်သက် ခဲ့တဲ့ အာဏာပိုင် အဖွဲ့အစည်း မှန်သမျှကို ရှင်းလင်း ပစ်မယ် ဆိုပြီး သမ္မတ အာဒိုအန်က ကြိမ်းဝါး ထားပါတယ်။

စစ် အာဏာသိမ်းဖို့ ကြိုးစားခဲ့မှု ဖြစ်ပေါ် ခဲ့တဲ့ နောက်ပိုင်း ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိတွေ အပါအဝင် တရားသူကြီးတွေ နဲ့ အစိုးရ ရှေ့နေတွေ အဖမ်းဆီး ခံခဲ့ရပြီး တူရကီ တရားရေး ဌာနရဲ့ အဆိုအရ လူ အယောက် ၆ ထောင် ဝန်းကျင်ကို ထိန်းသိမ်း လိုက်တယ်လို့ ဆိုပါတယ်။

စစ် အာဏာသိမ်းဖို့ ကြိုးစားမှု ဖြစ်ပေါ် ခဲ့တာဟာ နိုင်ငံရေး အတိုက်အခံ တွေ အပေါ် ပစ်မှတ် ထား ချေမှုန်း နိုင်ဖို့ အခွင့်အရေး ရှိလာတဲ့ အနေနဲ့ သမ္မတ အာဒိုအန် မမှတ်ယူ သင့်ဘူး ဆိုပြီး ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ယန်း-မာ့ခ် အေရိုးလ်က သတိပေး ပါတယ်။

ဒါ့အပြင် ဥရောပ ရဲ့ ဒီမိုကရေစီ စံနှုန်း စံထားတွေ အတိုင်း လိုက်နာ ကျင်းသုံးဖို့လည်း တူရကီ အစိုးရကို မစ္စတာ အေရိုးလ်က တိုက်တွန်း ခဲ့ပါတယ်။

သမ္မတ အာဒိုအန် ကတော့ တူရကီ နိုင်ငံတွင်း ပယ်ဖျက် ထားတဲ့ သေဒဏ် အပစ်ပေးမှု ကို ပြန်လည် ကျင့်သုံးဖို့ တောင်းဆို နေသံ တွေ အပေါ် လျစ်လျူမရှု နိုင်ဘူး ဆိုပြီး တုံ့ပြန် ထားပါတယ်။

အာဏာသိမ်းမှု မအောင်မမြင် ဖြစ်ပြီး တဲ့နောက် ဂရိ နိုင်ငံဆီ စစ် ရဟာတ်ယာဉ်နဲ့ ထွက်ပြေး သွားခဲ့တဲ့ တူရကီ စစ်သား ၈ ယောက်ကို ပြန်လွှဲ ပေးဖို့လည်း ဂရိ အစိုးရကို တူရကီ ဘက်က တောင်းဆို နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ