ဂျာမနီ ရထားပေါ် တိုက်ခိုက်သူ အခန်းထဲ IS အလံတွေ့

  • 19 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် EPA
Image caption တိုက်ခိုက်သူ ဆယ်ကျော်သက်ဟာ IS တိုက်ခိုက်ရေးသမား ဖြစ်တယ်လို့ အာမတ် သတင်းဌာနက ပြော။

ဂျာမနီ တောင်ပိုင်းက ရထား တစ်စီးပေါ်မှာ ပုဆိန်နဲ့ တိုက်ခိုက်ခဲ့တဲ့ အာဖဂန် နိုင်ငံသား ခိုလှုံသူရဲ့ အခန်းထဲမှာ လက်နဲ့ ရေးခြယ်ထားတဲ့ အစ္စလာမ္မစ် နိုင်ငံအဖွဲ့ IS အလံကို တွေ့ရတယ်လို့ ဂျာမနီ အရာရှိတွေက ပြောပါတယ်။

တနင်္လာနေ့ ညနေပိုင်းက ၁၇ နှစ်သား အဲဒီ လူငယ်ရဲ့ တိုက်ခိုက်မှုကြောင့် ဟောင်ကောင်က လူ ၄ ယောက် ဒဏ်ရာရခဲ့ပြီး တစ်ယောက်က ဒဏ်ရာ ပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက် သူထွက်ပြေးဖို့ ကြိုးစားစဉ် ရဲက ပစ်သတ် ခဲ့ပါတယ်။

အစ္စလာမ္မစ် နိုင်ငံ IS အဖွဲ့နဲ့ အဆက်အစပ် ရှိတဲ့ အာမတ် သတင်းဌာနက အဲဒီ တိုက်ခိုက်သူ ဆယ်ကျော်သက်ဟာ IS တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်တယ်လို့ ပြောပါတယ်။

ပြင်သစ် တောင်ပိုင်းက နိစ်မြို့မှာ လူအုပ်ထဲ လော်ရီကားနဲ့ ဝင်တိုက်မှုကြောင့် ၈၄ ယောက် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု အပြီး ရက်ပိုင်း အတွင်းမှာ အခု ဂျာမနီက ရထားပေါ် တိုက်ခိုက်မှု ထပ်မံ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

နိစ်မြို့ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့တဲ့ ကားဒရိုင်ဘာ ဟာလည်း သူတို့ အဖွဲ့ရဲ့ နောက်လိုက် တစ်ဦး ဖြစ်တယ်လို့ IS အဖွဲ့က ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ