ရုရှား အိုလံပစ်အသင်း တသင်းလုံး ပိတ်ပင်ခံရနိုင်

  • 19 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှား အိုလံပစ် အသင်း တစ်သင်းလုံးကို ပိတ်ပင်ဖို့ တားမြစ်ဆေး သုံးစွဲမှု ဆန့်ကျင်ရေး အဖွဲ့က တောင်းဆိုထား။

ရုရှား အိုလံပစ် အသင်း တစ်သင်းလုံးကို သြဂုတ်လအတွင်း ရီယို ဒီ ဂျနေးရိုးမှာ ကျင်းပမယ့် ၂၀၁၆ နွေရာသီ အိုလံပစ် ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့် မပြုဖို့ ကမ္ဘာ့ တားမြစ်ဆေး သုံးစွဲမှု ဆန့်ကျင်ရေး အဖွဲ့ရဲ့ အကြံပြုချက်ကို နိုင်ငံတကာ အိုလံပစ် ကော်မတီ IOC မှာ ဆွေးနွေး နေကြပါတယ်။

ရုရှား ပြေးခုန်ပစ် ကစားသမားတွေ ကိုတော့ အိုလံပစ်ပွဲ ဝင်ပြိုင်ခွင့် ဆိုင်းငံ့ ပိတ်ပင် ထားလိုက်ပြီ ဖြစ်ပါတယ်။

တယ်လီဖုန်း ဆွေးနွေးမှုတွေ ပြီးသွားရင် ရုရှား အိုလံပစ် အသင်းကို ပဏာမ အနေနဲ့ ယာယီ ပိတ်ပင်ဖို့ အလားအလာရှိတယ်လို့ နိုင်ငံတကာ အိုလံပစ် ကော်မတီ IOC ရဲ့ ကြေညာချက်မှာ ဖော်ပြ ပါတယ်။

တားမြစ်ဆေး သုံးစွဲမှု ဆန့်ကျင်ရေး အဖွဲ့ WADA ရဲ့ နောက်ဆုံး အစီရင်ခံစာ ထဲမှာ အားကစား ပြိုင်ပွဲ အများအပြားမှာ ရုရှား အားကစား ဝန်ကြီးဌာနက စနစ်တကျ လိမ်ညာခဲ့တယ် ဆိုတဲ့ အထောက်အထားတွေကို တွေ့ရှိရကြောင်း ဖော်ပြ ထားပါတယ်။

၂၀၁၁ နှစ်ကုန်ပိုင်း ကနေ ၂၀၁၅ သြဂုတ်လ အတွင်း ပြုလုပ်ခဲ့တဲ့ နွေရာသီနဲ့ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲတွေ အတွင်း ကစားနည်း အတော်များများမှာ ရုရှား အားကစား သမားတွေရဲ့ ဆီးနမူနာတွေကို အပြောင်းအလဲ လုပ်ထားတဲ့ အထောက်အထားတွေကို တားမြစ်ဆေး သုံးစွဲမှု ဆန့်ကျင်ရေး အဖွဲ့ WADA က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရုရှား သမ္မတ ပူတင် ကတော့ အဲဒီ အစီရင်ခံစာဟာ ရုရှားရဲ့ ပုံရိပ်ကို ဖျက်ဆီးဖို့ ကြိုးစားတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရေးသား ထုတ်ပြန်တဲ့ အစီရင်ခံစာ ထဲမှာတော့ အဲဒီအမှုတွေကို စုံစမ်း ဖော်ထုတ် အပြစ်ပေးသွားမယ်လို့ ကတိပေး ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ