တူရကီမှာ ပညာရေးဝန်ထမ်း များကို ရာထူးမှ ဖယ်ရှား

  • 19 ဇူလိုင် 2016
turkey_640x360_reuter ဓာတ်ပုံ မူပိုင် Reuters
Image caption တူရကီနိုင်ငံမှာ ဆက်လက်အရေးယူမှု ပြုနေဆဲ

ပြီးခဲ့တဲ့ သီတင်းပတ် က တူရကီနိုင်ငံ မှာ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက် မှာ တူရကီ အစိုးရ ဟာ အကြီးအကျယ် လူဖမ်းပွဲ ကြီး စတင် ရာမှာ စစ်ဖက်ဆိုင်ရာ အရာရှိ အကြပ် တပ်သား ၆၀၀၀ ကျော်၊ ဗိုလ်ချုပ်အဆင့် ၂၀ ကျော်၊ ကို ဖမ်းဆီး အပြီး ရုံးတင် စစ်နေပါပြီ။ ရဲ၀န်ထမ်း ၉၀၀၀ ကျော် ကိုလည်း အလုပ် ဖြုတ်ပစ် လိုက်ပါတယ်။ တရားသူကြီး ၃၀၀၀ နီးပါး ကို ရာထူး က ချထား လိုက် ပါတယ်။ ဘဏ္ဍာရေး ဝန်ကြီးဌာန မှ ဝန်ထမ်း ၁၅၀၀ ခန့် ကိုလည်း အလုပ် ဖြုတ်ပစ် လိုက်ပါတယ်။

အသံလွှင့်ဌာန ၂၄ ခုနဲ့ ရုပ်သံ ဌာန တွေ လည်း ထုတ်လွှင့်ခွင့် လိုင်စင် လည်း ပြန်လည် ရုပ်သိမ်း လိုက်ပါတယ်။ အခု ဇူလိုင်လ ၁၉ ရက် မနေ့ က ဆိုရင် တက္ကသိုလ် ဆရာ ဆရာမတွေ၊ စည်းကမ်း ထိန်းသိမ်းရေး မဟာဌာနမှူး တွေ နဲ့ ဘာသာရေး ဆရာ တွေ ပါ အလုပ်က ဖယ်ရှားခြင်း ခံရသလို အဖမ်းခံရတဲ့ စါရင်းထဲ ပါလာ ပါတယ်။

တူရကီ အစိုးရ က အမေရိကန် ပြည်ထောင်စု မှာ နေထိုင်တဲ့ ဘာသာရေး တရားဟောဆရာ Fethullah Gulen ကို ဆိုရင် ဒီ အာဏာသိမ်းပွဲ ဖြစ်အောင် လှုံဆော်သူ အဖြစ် အစိုးရ က စွပ်စွဲထားပြီး တူရကီ ကို ပြန်လည် လွှဲပြောင်းပေးဖို့ တောင်းဆို နေပါတယ်။ Mr Gulen ဘက်ကတော့ မဟုတ် မမှန်တဲ့ အကြောင်း ငြင်းဆိုထားပါတယ်။

အမေရိကန် အစိုးရ ဘက်ကလည်း ဒီမိုကရေစီ နည်းအရ တက်လာတဲ့ တူရကီ အစိုးရ ကို အပ်တဲ့ အကူအညီပေးမယ် လို့ အိမ်ဖြူတော် ပြောခွင့်ရ အရာရှိ ဂျောရှ်အားနက်စ် က ပြောပါတယ်။ တူရကီဘက်က အီလက်တြွန်နစ် စနစ်အရ ပို့လိုက်တဲ့ စာတွေ ထဲမှာ Mr Gulen နဲ့ ပြည်တွင်း က အဆက်အသွယ် တွေရဲ့ သတင်းတွေ နဲ့ စာတွေ ကို တရားရေးဌာန နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန တွေ ကနေ စစ်ဆေး သုံးသပ် ပေးမယ့် အကြောင်း၊ နောက်ပြီးတော့ နှစ်နိုင်ငံ အကြား နှစ် ၃၀ ကျော် ကြာ သဘော တူထားတဲ့ မသင်္ကာဖွယ် လူတွေ ကို ပြန်လည် လွှဲပြောင်းပေးတဲ့ အစီအစဉ် အရ လည်း Mr Gulen ကို ပို့ပေး နိုင်ကြောင်း တွေ ကို အိမ်ဖြူတော် ပြောခွင့်ရ အရာရှိ ဂျောရှ်အားနက်စ် က ပြောပါတယ်။

အခု ဖမ်းဆီးထားတဲ့ လူတွေ ထဲက အပြစ်ကြီးသူ ကို ဆိုရင် သေဒဏ် အထိ ချမှတ်မယ် လို့ တူရကီ သမ္မတ ရီဂျက်ပ်တာရစ်ပ် အယ်ဒိုအန် က ပြောတဲ့ အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဇာရစ် ရာအက်ဒ် အယ်လ်ဟူစိန် က ဒီ အပြစ်ဒဏ် ကို ပြန်လည် အသက်သွင်းခဲ့ရင် တူရကီ ရဲ့ နိုင်ငံရေး အခြေအနေဟာ ခေတ်နောက်ပြန် ဆွဲ သလို ဖြစ်စေမယ် လို့ ပြောတာ ကို မစ္စတာ ဟူစိန်ရဲ့ ပြောခွင့်ရ အမျိုးသမီး အရာရှိ ရာဗီနာ ရှမ်ဒါဆာနီ က ဆိုပါတယ်။

တူရကီဟာ ၂၀၀၄ ခု နှစ်ကတည်း က သေဒဏ် စီရင်ချက် ကို ပယ်ဖျက် ခဲ့တဲ့ အပြင် ၁၉၈၄ ခုနှစ် နောက်ပိုင်းမှာ လည်း ၃၂ နှစ်ကြာအောင် သေမိန့် မပေးခဲ့တဲ့ အတွက် ပြန်လည် ကျင့်သုံးမယ် ဆိုရင် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ ကို ချိုးဖေါက်တာ နဲ့ အလားတူ ပဲ လို့ ပြောပါတယ်။