တူရကီ ပညာရေးဝန်ထမ်း တသောင်းခွဲကျော်ကို တာဝန်ရပ်စဲ

  • 19 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption တူရကီက ဘာသာရေး ဆိုင်ရာ စာသင်ကျောင်း တစ်ကျောင်း။ အာဏာသိမ်းဖို့ ကြိုးပမ်းမှု ပေါ်ပေါက်ခဲ့ပြီးနောက် ပညာရေး ဝန်ထမ်းတွေလည်း အထုတ်ခံရ။

တူရကီ နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် အဲဒီ အာဏာသိမ်းမှုနဲ့ ဆက်နွယ်သူတွေကို ရှင်းလင်း နေရာမှာ ဒီကနေ့ အင်္ဂါနေ့မှာတော့ တူရကီ ပညာရေး ဝန်ထမ်း တစ်သောင်းခွဲကျော်ကို တာဝန်ကနေ ရပ်စဲလိုက်ပါတယ်။

အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ကြိုးကိုင်ခဲ့သူလို့ ဆိုတဲ့ အမေရိကန်ရောက် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် Fethullah Gulen နဲ့ အချိတ်အဆက် ရှိတယ်ဆိုပြီး အဲဒီ ဝန်ထမ်းတွေကို ပညာရေး ဝန်ကြီးဌာနက စွပ်စွဲခဲ့တာပါ။

အဝေးရောက် ဘာသာရေးခေါင်းဆောင် မစ္စတာ ဂူလန် ကတော့ အဲဒီ အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ ပတ်သက်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆို ထားပါတယ်။

တက္ကသိုလ် ဌာနမှူး တစ်ထောင့် ငါးရာကျော် ကိုလည်း ရာထူးကနေ နုတ်ထွက်ကြဖို့ တူရကီ အထက်တန်း ပညာရေး ဘုတ်အဖွဲ့က အမိန့်ထုတ် ခဲ့ပါတယ်။

ဒါဟာ ဘာသာရေး ခေါင်းဆောင် မစ္စတာ ဂူလန်ရဲ့ နောက်လိုက်တွေကို အမြစ်ဖြတ် ရှင်းလင်း သွားမယ်လို့ တူရကီ ဝန်ကြီးချုပ် ဘင်နာလီ ယီလ်ဒရင်က ပြောလိုက်ပြီး မကြာမီမှာ ဒီသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန်မှာ ရောက်ရှိ နေထိုင်နေတဲ့ မစ္စတာ ဂူလန်ကို တူရကီဘက်ကို ပြန်လွှဲပြောင်းပေးဖို့ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေရဲ့ အထောက်အထားတွေကို အမေရိကန်ကို ပို့လိုက်ပြီလို့လည်း တူရကီ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

အာဏာသိမ်းဖို့ ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ထောင်နဲ့ချီတဲ့ စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရာရှိတွေကို ဖြုတ်ထုတ် ဖမ်းဆီး ခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ