တူရကီမှာ အရေးပေါ် အခြေအနေ ၃ လ ကြေညာ

  • 20 ဇူလိုင် 2016
turkey_coup_ ဓာတ်ပုံ မူပိုင် AP
Image caption ဖမ်းဆီးမှု တွေလည်း ပြီးဦးမှာ မဟုတ်သေး ဘူး လို့ သမ္မတ အာဒိုအန် က ပြော။

တူရကီ နိုင်ငံမှာ အရေးပေါ် အခြေအနေ ကာလ ၃ လ သတ်မှတ်ကြောင်း သမ္မတ ရာဂျစ် တိုင်ရိ အာဒိုအန်က ကြေညာ လိုက်ပါတယ်။

ဒီလို ကြေညာရတာဟာ အခြေခံ ဥပဒေနဲ့လည်း ကိုက်ညီတယ် ဆိုပြီး ရုပ်မြင်သံကြား ကနေ တိုင်းပြည်ကို သမ္မတ အာဒိုအန်က ပြောကြား ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က စစ်အာဏာ သိမ်းဖို့ ကြံစည် ခံခဲ့ရ ပြီးတဲ့နောက် သမ္မတ အာဒိုအန် ဘက်က အခုလို တုံ့ပြန် ဆောင်ရွက် လာတာ ဖြစ်ပါတယ်။

တူရကီ နိုင်ငံ အတွင်း အကြီးကျယ် ဆက်လက် လုပ်ဆောင် နေတဲ့ ဖမ်းဆီးမှု တွေလည်း ပြီးဦးမှာ မဟုတ်သေး ဘူး လို့ သမ္မတ အာဒိုအန် က ပြောထား ပါတယ်။

အခု ဖမ်းဆီး ထားသူတွေ ဆီ က နောက်ထပ် နာမည် တွေ ရရှိ လာမှာ ဖြစ်တယ် ဆိုပြီး သမ္မတ အာဒိုအန် က အယ်ဂျာဇီးယား သတင်း ဌာန ကို ပြော ခဲ့ပါတယ်။

လောလောဆယ် အထိ အဖမ်းဆီး ခံရသူတွေ၊ ရာထူး ကနေ ဆိုင်းငံ့ ခံရသူတွေ စုစုပေါင်း သောင်း နဲ့ချီ ရှိနှင့်ပြီး ဖြစ်ပါတယ်။

အဲဒီ့ ထဲက ထိပ်တန်း စစ်ဘက် ရာထူး တွေ ရှိတဲ့ ဗိုလ်ချုပ် ၉၉ ယောက်ကို အာဏာသိမ်းဖို့ ကြံစည်မှု နဲ့ တရား စွဲဆို ထားပါတယ်။

တခါ၊ တူရကီ ကမ်းစောင့်တပ်က ရေယာဉ် နှစ်စင်း ဟာ အိမ်နီးချင်း ဂရိ ရေပိုင်နက် ရှိရာဆီ တိတ်တဆိတ် ထွက်သွား တာကို တားဆီး နိုင်ဖို့ တူရကီ တိုက်လေယာဉ် တွေ အရေး ပေါ် ပျံတက် ခဲ့ရတယ် လို့ တူရကီ မီဒီယာ တွေက ဆိုပါတယ်။

အာဏာသိမ်း ဖို့ ကြံစည်မှု ထဲ ပါဝင် ခဲ့သူတွေ ထွက် ပြေး ဖို့ ကြိုးစား တာ ဖြစ်နိုင်တယ် လို့ ခန့်မှန်း နေကြ ပေမယ့် တူရကီ အစိုးရ ဆီက တရားဝင် ထုတ်ပြန် ချက် တော့ မရှိ သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ