မြူးနစ်မြို့ မှာ အကြမ်းဖက် ပစ်ခတ်မှုဖြစ်

  • 22 ဇူလိုင် 2016
_germany_munich_attack
Image caption ဂျာမနီ မြူးနစ်မြို့ လုံခြုံရေး တင်းကြပ်

ဇူလိုင်လ ၂၂ ရက် မနေ့ ညနေပိုင်း က ဂျာမနီ နိုင်ငံ မြူးနစ်မြို့ရှိ စျေးအဆောက်အအုံ ကြီးတခု ဖြစ်တဲ့ အိုလံပီယာ ရှော့ပင်း စင်တာ ထဲမှာ သေနတ်သမား ဝင်ရောက် ပစ်ခတ်မှု ကြောင့် အနည်းဆုံး လူကိုးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားပါတယ်။ နောက်ဆုံး သိရတဲ့ သတင်း မှာ တော့ မြူးနစ် မှ ရဲ အဖွဲ့ ပြောကြားချက် အရ သေနတ်သမား ဟာ အသက် ၁၈ နှစ် ရှိ အီရန် အမျိုးသား ဖြစ်ပြီး တကိုယ်တော် သေနတ်သမား ဖြစ်တဲ့ အကြောင်း၊ ပစ်ခတ်မှု အပြီး မှာ သူ့ကိုယ်သူ လည်း အဆုံးစီရင် ကြောင်း ဆိုပါတယ်။ သူ ဘာကြောင့် ပစ်ခတ်မှု ပြုရတဲ့ အကြောင်းရင်း က တော့ မရှင်းလင်းသေးပါဘူး။

အခင်းဖြစ်ပွားတဲ့ သောကြာနေ့ ညနေပိုင်း ဟာ မိသားစု တွေ အလိုက် ရော အလုပ် မှ ပြန်လာ သူ တွေ ပါ အိမ် ပြန် စျေးဝယ်ကြတဲ့ အတွက် စျေးရုံ ထဲမှာ လူစည်ကားနေတာပါ။ သေနတ်သံတွေ ထွက်လာတာနဲ့ စျေးရုံ လုံခြုံရေး ဝန်ထမ်းတွေ က အဝင်တံခါးဝတွေ ကို ချက်ချင်းပိတ်လိုက်တဲ့ အကြောင်း မျက်မြင် စျေးဝယ်တဦး က ပြောပါတယ်။

စျေးဝယ်သူတွေ ဟာ သေနတ်ပစ်ခတ်မှု ဖြစ်လို့ ဆိုတာ ကို ကြားတာနဲ့ ကြောက်ရွံ့ တုံလှုပ်နေ ပြီး လူတွေလည်း အလန့်တကြား အော်ပြီး ထွက်လာ ကြတဲ့ အကြောင်း၊ လုံခြုံရေး တွေ က လည်း အပေါ်ထပ် ဘေးကင်းရာ အထပ်ငါးထပ် မှာ သွားနေ ကြဖို့ ပြော သလို ဒီ အဆောက်အအုံ ထဲကလည်း မထွက်ဖို့ ပြောလို့ စျေးဝယ် ထွက်တဲ့ လူပေါင်း ၁၅၀ ဟာ အပေါ်ထပ်မှာ စုမိ နေကြပါတယ် လို့ ကိုယ်တွေ ကြုံသူ က ဆိုပါတယ်။

အခင်း ဖြစ်ပွားတဲ့ နေရာဆီ မရှေးမနှောင်း မှာ ရောက်လာတဲ့ ရဲဝန်ထမ်းတွေ လည်း စျေးရုံ ကားရပ်တဲ့ အထပ်တွေ မှာ ရော၊ ပြင်ပ နေရာ မှာ နေရာယူပြီး သေနတ်သမား တွေ ကို လိုက်လံရှာဖွေ ကြပါတယ်။ မူလ က သေနတ်သမား သုံးဦး လို့ ယူဆထားတာပါ။

ပြီးခဲ့တဲ့ တနင်္လာ နေ့ က ပဲ ဘာဗေးရီးယား ခရီးသည်တင် ရထားပေါ် မှာ အာဖဂန်လူငယ်တဦး က ပုဆိန်နဲ့ ရော ဓါး နဲ့ ပါ ခရီးသည်တွေ ကို တိုက်ခိုက် လို့ ၅ ဦး ဒဏ်ရာ ရခဲ့ အတွက် ဂျာမနီ ရဲ လုံခြုံရေး တွေ ဟာ တပ်လှန့်ထား တဲ့ အနေအထား မှာ ရှိနေစဉ် မှာ ပဲ အခု ပစ်ခတ်မှု ဖြစ်ပွား ခဲ့တာပါ။

ပထမ ပိုင်းက သေနတ်သမား လို့ ယူဆသူ တွေ ကို ဖမ်းမိအောင် ရဲတွေ က မြို့တွင်း ကားအသွားအလာ လမ်းတွေ၊ ရထား ခရီးစဉ်တွေ ပါ ပိတ်ထားလိုက်ပါပြီ။ လူတွေ ကိုလည်း အပြင် မထွက်ဖို့ မီဒီယာ သတင်းတွေ က တဆင့် မှာကြား လိုက်ပါပြီ။ အပြင် ရောက်နေ သူတွေ ကို အိမ်ပြန် နိုင်ရေး လည်း စီစဉ် ပို့ဆောင် ပေးပါတယ်။ အခုတော့ အများသုံး ယာဉ် တွေ ပြေးဆွဲ ခွင့်ပြုပါပြီ။

ဝန်ကြီးချုပ် အင်ဂလာ မာကဲလ် ကိုယ်တိုင် ကနေ့ စနေနေ့ မှာ လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ဖို့ အစီအစဉ် ရှိပါတယ်။