ယူကေ အီးယူက ထွက်လို့ ကမ္ဘာ စီးပွားရေး မတည်မငြိမ်ဖြစ်နိုင်

  • 24 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption G 20 အစည်းအဝေးကို တရုတ်နိုင်ငံ ချန်ဒူးမှာ ကျင်းပ

ယူကေက အီးယူက ထွက်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ကမ္ဘာ့စီးပွားရေးအတွက် အန္တရာယ် ပိုများစေတယ်လို့ ငွေကြေးဆိုင်ရာ အကြီးအကဲတွေက တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ စက်မှုထိပ်သီး နိုင်ငံ ၂၀ရဲ့ ဘဏ္ဍာရေး ၀န်ကြီးများ အစည်းအဝေးအပြီးမှာ ထုတ်ဖေါ် ပြောကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့လ ဆန္ဒခံယူပွဲရလဒ်ကြောင့် ကမ္ဘာစီးပွားရေးကို မသေချာမရေရာမှုတွေ ပိုဖြစ်စေတယ် စီးပွားရေးအရ ကမ္ဘာ အရေးပါဆုံး နိုင်ငံ၂၀က ပြောလိုက်တာ ဖြစ်ပါတယ်။

ယူကေ အီးယူက ထွက်မှုကြောင့် ဆွေးနွေးပွဲတွေမှာ တင်းမာမှုတွေ ရှိနိုင်ပေမယ့် ယူကေ အနေနဲ့ အီးယူနဲ့ နီးကပ်တဲ့ လက်တွဲဖေါ် အဖြစ် ဆက်ရှိဖို့ တရုတ်နိုင်ငံ ချန်ဒူးမှာ ကျင်းပ ပြီးစီးသွားတဲ့ စက်မှု ထိပ်သီး အစည်းအဝေးမှာ ၀န်ကြီးတွေက တိုက်တွန်းသွားပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးJacob Lew က ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုကို ထိန်းသိန်းတဲ့ အနေနဲ့ ညှိနှိုင်းမှုတွေဟာ မိတ်ဝတ် မပျက်ဖို့ လိုတယ်လို့ ပြောပါတယ်။

ယူကေဆန္ဒခံယူပွဲပြီးတော့ ဥရောပက ဝန်ကြီးတွေနဲ့ ဆွေးနွေးခဲ့ပြီး၂ဖက်စလုံးတို့က လက်တွေ့ကျပြီး ပွင့်လင်းမြင်သာတဲ့ ပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးကသာ ယူကေ အီးယူ အမေရိကန်နဲ့ ကမ္ဘာ့စီးပွားအရေးအတွက် အကောင်းဆုံး ဖြစ်စေမယ်လို့ ပြောပါတယ်။

ယူကေ ဘဏ္ဍာရေးဝန်ကြီး ဖိလစ်ဟန်မွန်ကတော့ အီးယူနဲ့ နောက်ဆုံးအဆင့် ဆွေးနွေးညှိနှိုင်းရာမှာ ဘယ်အတိုင်းအတာအထိ မရေမရာ ဖြစ်မလဲဆိုတာ လက်တွေ့ ရင်ဆိုင်နေရကြောင်း ပြောပါတယ်။

ချန်ဒူး အစည်းအဝေးအပြီးမှာ စီးပွားရေး ဘဏ္ဍာရေး ရိုက်ခတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ စက်မှု ထိပ်သီး နိုင်ငံ ၂၀မှာ လက်နက် အပြည့်ရှိတယ်လို့ ဆိုပါတယ်။

ဂျာမန် ဗဟိုဘဏ် ဥက္ကဌ ဝိုက်မန်က ယူကေ ဆန္ဒခံယူပွဲနောက် ဥရောပစီးပွားရေးကို ထိခိုက်တဲ့လက္ခဏာ မတွေ့ရသေးကြောင်း ပြောပါတယ်။

ယူကေ အီးယူက ထွက်ပေမယ့် ၂၀၁၆ - ၂၀၁၇မှာ ကမ္ဘာ့စီးပွားရေး တိုးတက်နိုင်တယ်လို့ အဖွဲ့ဝင်တွေက ယူဆကြောင်း သူက ဆက်ပြောပါတယ်။

ဒါပေမယ့် ဇွန်လကုန်အထိ ယူကေကုမ္ပဏီတွေရဲ့ ၃လစစ်တမ်းမှာ မဲမပေးမီနိုင်ငံရဲ့ စီးပွားရေးဟာ စိုးရိမ်စရာ လက္ခဏာတွေ တွေ့ရှိခဲ့ပါတယ်။

နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ ကလည်း၂၀၁၆ခုမှာ ယူကေ စီးပွားရေး ၁.၉ ကနေ ၁.၇အထိပဲ တိုးတက်မယ်လို့ ခန့်မှန်းပြီး အလားတူ ကမ္ဘာ စီးပွားရေးလည်း ၀.၁ရာနှုန်း လျှော့ခန့်မှန်း ပါတယ်။

G20 ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ စီးပွားရေး နလံထူမှု ဆက်ဖြစ် နေပေမယ့် မျှော်လင့်ထားတာထက် အားနည်းနေတယ်လို့ ဖေါ်ပြ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ