ရုရှား အားကစား သမားတွေကို အိုလံပစ်မှာ မပိတ်ဖို့ IOC ဆုံးဖြတ်ချက် အဝေဖန် ခံနေရ

  • 24 ဇူလိုင် 2016
_ico_russia_
Image caption နိုင်ငံတကာ အားကစား အဖွဲ့ချုပ် တွေ က ရုရှား ကစားသမားတွေ ကို တားမြစ်ဆေး သုံးဖူးတဲ့ မှတ်တမ်း ရှိ မရှိ အသေအချာ ဆန်းစစ် ရမှာ ဖြစ်။

ဘရာဇီး နိုင်ငံမှာ ကျင်းပတော့မယ့် ရီယို အိုလံပစ် အားကစား ပွဲတော်မှာ ရုရှား ကစားသမား အားလုံးကို မပိတ်ပင်ဖို့ နိုင်ငံတကာ အိုလံပစ် ကော်မတီက ဆုံးဖြတ်ချက် အပေါ် တားမြစ်ဆေး သုံးစွဲမှု တိုက်ဖျက်ရေး အပြည်ပြည် ဆိုင်ရာ အဖွဲ့ က ဝေဖန် လိုက်ပါတယ်။

အားကစား လောက သန့်ရှင်း အောင် ပြုလုပ်ဖို့ IOC အနေနဲ့ ပျက်ကွက် တယ် ဆိုပြီး တားမြစ်ဆေး သုံးစွဲမှု တိုက်ဖျက်ရေး အဖွဲ့ချုပ်က ပြစ်တင် ခဲ့ပါတယ်။

အားကစားသမားတွေ တားမြစ်ဆေးဝါး သုံးစွဲမှုမှာ ရုရှား အစိုးရကိုယ်တိုင် ပါဝင် ပတ်သက် နေတာကို ဖော်ပြ နေတဲ့ အစီရင်ခံစာ ပေါ်ထွက် ခဲ့တဲ့ ကြားကပဲ IOC က အခုလို ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်၊ သက်ဆိုင်ရာ နိုင်ငံတကာ အားကစား အဖွဲ့ချုပ် တွေ က ရုရှား ကစားသမားတွေ ကို တားမြစ်ဆေး သုံးဖူးတဲ့ မှတ်တမ်း ရှိ မရှိ အသေအချာ ဆန်းစစ် ရမှာ ဖြစ်ပြီး၊ ယုံကြည် စိတ်ချ လောက်ဖွဲ့ ဆေးစစ်မှု တွေကိုပဲ အတည်ယူရမယ်လို့ IOC က ပြောပါတယ်။

နိုင်ငံတကာ အားကစား အဖွဲ့ချုပ် တွေက အတည်ပြုလိုက်တဲ့ ရုရှား ကစားသမားတွေ ကို ဆေးတခါ ထပ်စစ်ပြီး၊ တားမြစ်ဆေး သုံးဖူးတဲ့ နောက်ကြောင်း မရှိတဲ့ ကစားသမား တွေကို ရီယို အိုလံပစ်မှာ ပါဝင်ခွင့် ပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

IOC ရဲ့ ဆုံးဖြတ်ချက်ကို ရုရှား အားကစားရေးရာ ဝန်ကြီး ဗစ်ထားလီ မွတ်ချ်ကိုး က ကြိုဆို ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ယျူလီယာ စတပ်ပါးနိုဗာ ကို တော့ ရီယို အိုလံပစ် မှာ ယှဉ်ပြိုင်ခွင့် မပြဖို့ IOC က ဆုံးဖြတ်။

ရုရှားမှာ တားမြစ်ဆေး သုံး တာကို မပေါ်လွင်အောင် စနစ်တကျနဲ့ကို လိမ်လည် လှည့်ဖျားမှုတွေ ပြုလုပ် ခဲ့တယ် ဆိုတာကို ဖွင့်ချ ခဲ့သူ တစ်ဦး ဖြစ်တဲ့ မီတာ ၈ဝဝ အပြေးမယ် ယျူလီယာ စတပ်ပါးနိုဗာ ကို တော့ ကိုယ်တိုင် တားမြစ် ဆေး သုံးစွဲ ခဲ့သူ ဆိုတဲ့ အချက် ပေါ်လွင် နေတာ ကြောင့် ရီယို အိုလံပစ် မှာ ယှဉ်ပြိုင်ခွင့် မပြဖို့ IOC က ဆုံးဖြတ် ခဲ့ပါတယ်။

စတပ်ပါးနိုဗာ ရဲ့ ထုတ်ဖော် ပြောဆိုမှု အတွက် ကျေးဇူးတင် ပေမယ့် ၊ တားမြစ်ဆေး သုံးစွဲ မှု ဟာ အိုလံပစ် ပွဲ ဝင်ဖို့ ရှိသင့် ရှိထိုက်တဲ့ ကျင့်ဝတ် တရားနဲ့ မညီ ဘူးလို့ IOC က ဆိုပါတယ်။

Image caption အိုလံပစ် ရွာ ထဲက အဆောက်အဦ ဟာ လူ နေလို့ မရ လောက်အောင် အခြေအနေ ဆိုး။

တခါ၊ အိုလံပစ် ပြိုင်ပွဲ ကျင်းပမယ့် ရီယို ဒါ ဂျနေးရိုးကို ရောက်ရှိ နေပြီ ဖြစ်တဲ့ သြစတြေးလျ အားကစား အဖွဲ့က တော့ သူတို့ကို နေရာ ချပေးတဲ့ အိုလံပစ် ရွာ ထဲက အဆောက်အဦ ဟာ လူ နေလို့ မရ လောက်အောင် အခြေအနေ ဆိုး နေလို့ လောလောဆယ် ဟိုတယ် ခန်းတွေ ငှား နေရတယ်လို့ ဆိုပါတယ်။

အိမ်သာ ရေမကျတာ၊ ရေပိုက်တွေ ကနေ ရေတွေ ယို နေတာ၊ လျှပ်စစ် မီးကြိုးတွေ ပေါ် နေတာ နဲ့ လှေခါး အတက်အဆင်း မီး မရှိတာ လို ပြဿနာ တွေ ကြုံ ခဲ့ရတယ်လို့ သြစတြေးလျ အိုလံပစ် အားကစား အဖွဲ့ ခေါင်းဆောင် ကစ်တီ ချီလာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ