ပြင်သစ် ကက်သလစ် ဘုန်းတော်ကြီး အသတ်ခံရမှု

  • 26 ဇူလိုင် 2016
france_police_search ဓာတ်ပုံ မူပိုင် Reuters
Image caption အကြမ်းဖက်သမားတွေကို ဖမ်းမိဖို့ ပြင်သစ် ရဲ ရောက်ရှိ

ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းက ပြင်သစ်နိုင်ငံ Rouen မြို့ဆင်ခြေဖုံးရှိ ကက်သလစ် ဘုရားကျောင်း မှာ ဝတ်ပြုနေကြစဉ် အကြမ်းဖက် သမားနှစ်ဦး ဝင်ရောက်လာပြီး အသက် ၈ဝ ကျော် ဘုန်းတော်ကြီး Jacques Hamel ရဲ့ လည်ပင်း ကို ဓါးနဲ့ လှီးသတ် ပြီး ဝတ်ပြုနေသူ သီလရှင်တွေ နဲ့ လူတွေ ကို ဓါးစာခံ အဖြစ် ဖမ်းထားလိုက်ပါတယ်။

ဒါပေမဲ့ တချို့ ဝတ်ပြုသူတွေ က ထွက်ပြေး လွတ်မြောက်ရာက ရဲ ကို အကြောင်းကြား လိုက်ပါတယ်။ ဒီအခါမှာ အကြမ်းဖက်သမား နှစ်ဦး ဟာ ဝတ်ပြုလာသူ သုံးဦး ကို အကာအကွယ်ယူပြီး ရဲတွေ မဝင်နိုင်အောင် လုပ်ပေမဲ့ ရဲတွေ ရဲ့ ပစ်ခတ်မှု ကြောင့် သေဆုံးသွားပါတယ်။

မနေ့ ကပဲ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အစိုးရ ရှေ့နေ Francois Molins က အခင်းဖြစ်ပွားမှု ကို ရှင်းပြ ရာ မှာ ဓါးစာခံ အဖြစ် အဖမ်းခံ ရသူ သုံးဦး ဟာ ဘုရားကျောင်းထဲ ကနေ ထွက်ပြေး လွတ်မြောက် လာတဲ့ အခါ မှာ အကြမ်းဖက် သမား နှစ်ဦး ကလည်း ဓါး လက်နက် တွေ ပြေးလိုက် လာခိုက် မှာ ရဲ က ပစ်သတ်လိုက်တာပါ လို့ ရှင်းပြပါတယ်။

သူတို့ ကိုယ် မှာ စစ်ဆေးလိုက် တဲ့ အခါမှာ တော့ အလူမီနီယံ စက္ကူ နဲ့ ပတ်ထားတဲ့ ဖေါက်ခွဲရေး ပစ္စည်းနဲ့ ဓါးတွေ၊ ကျောပိုးအိတ် ထဲ မှာ တော့ ဖေါက်ခွဲ ရေး ပစ္စည်း အတု တွေ ရှာဖွေ တွေ့ ရှိ ပါတယ်။ အဆိုပါ အကြမ်းဖက်သမား တဦး ဖြစ်တဲ့ Adel Kermiche ဟာ ၁၉ နှစ် အရွယ် အယ်လ်ဂျီးယား နွယ်ဖွား ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် က ဆီးရီးယား ကို သွားဖို့ ကြိုးစားမှု ကြောင့် နှစ်ကြိမ် အဖမ်းခံ ထိဖူး သူဖြစ်ပြီး ရဲ ဘက် က သူ့ အသွားအလာ ကို ခြေရာခံ မိ အောင် အီလက်တြွန်နစ် ကိရိယာ တပ်ဆင် ပေးထားတာပါ လို့ အစိုးရ ရှေ့နေ Francois Molins က ရှင်းပြပါတယ်။

ပြင်သစ်သမ္မတ Francois Hollande ကလည်း ပြင်သစ်နိုင်ငံ ဟာ ပြင်ပ မှာ ဆီးရီးယား၊ အီရတ် တို့ နဲ့ စစ်ဖြစ် နေရ သလို ပြည်တွင်း မှာ လည်း ဘာသာရေး အစွန်းရောက် ဝါဒီတွေ အသေခံ လူသတ်သူတွေ နဲ့ စစ်ဖြစ်နေရ ပေမဲ့ ပြင်သစ် အစိုးရ ဘက်ကတော့ ဒီလူတွေ ရဲ့ အကြမ်းဖက် ရာဇဝတ် ကွန်ယက်တွေ ကို အမြစ်ဖြတ် ချေမှုန်း ပစ် မှာ ပါ လို့ ပြောပါတယ်။