လုံခြုံရေး တိုးမြှင့်ဖို့ ပြင်သစ် ဘာသာရေး ခေါင်းဆောင်တွေ တောင်းဆို

  • 27 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ဘာသာရေး ခေါင်းဆောင်တွေ အီလီဆီ နန်းတော်မှာ စည်းဝေးခဲ့ကြ။

ပြင်သစ် နိုင်ငံမှာ ကက်သလစ် ဘုန်းတော်ကြီး တစ်ပါး အင်္ဂါနေ့က အသတ်ခံခဲ့ ရပြီးနောက် ဝတ်ပြုတဲ့ နေရာတွေမှာ လုံခြုံရေးတွေ တိုးမြှင့် ချထားပေးဖို့ ပြင်သစ် ဘာသာရေး ခေါင်းဆောင်တွေက တောင်းဆို လိုက်ပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လွန်းဒ်က ခရစ်ယာန်၊ မွတ်ဆလင်၊ ဂျူးနဲ့ ဗုဒ္ဓဘာသာ ကိုယ်စားပြု ဘာသာရေး ခေါင်းဆောင်တွေကို တွေ့ဆုံ ခဲ့ပြီးနောက် သူတို့က ဘာသာရေး ဆိုင်ရာ ဝတ်ပြုရာ နေရာတွေမှာ လုံလောက်တဲ့ လုံခြုံရေး အစီအမံတွေ ထားရှိ စေချင်တယ်လို့ ပြောခဲ့တာပါ။

အသက်အရွယ် ကြီးရင့်ပြီ ဖြစ်တဲ့ ကက်သလစ် ဘုန်းတော်ကြီး Jacques Hamel ဟာ အင်္ဂါနေ့ မနက်က ဘုရားကျောင်း အတွင်း စုဝေး ဝတ်ပြုချိန်အတွင်း ဂျီဟတ် ဝါဒီ နှစ်ယောက်ရဲ့ သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။

အဲဒီ သတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် သမ္မတ ဟော်လွန်းဒ်က ရုပ်သံက တဆင့် ပြောရာမှာ ပြင်သစ်နဲ့ ဥရောပ အနေနဲ့ အခုလို ဆိုးဆိုးရွားရွား ခြိမ်းခြောက် ခံရမှုမျိုးကို အရင်က တစ်ခါမှ မကြုံခဲ့ရဖူးကြောင်း၊ ဒါပေမယ့် အကြမ်းဖက် ဆန့်ကျင်ရေး ဥပဒေတွေက ခိုင်ခိုင်မာမာ ရှိနေပြီ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

တိုက်ခိုက်သူ နှစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ် ခဲ့ပါတယ်။

နိစ်မြို့မှာ ၈၄ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှု အပြီး ၁၂ ရက် အကြာမှာ အခုလို ဘုန်းတော်ကြီးကို သတ်ဖြတ်မှု ထပ်မံ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

အင်္ဂါနေ့က တိုက်ခိုက်မှုဟာ Rouen မြို့ ဆင်ခြေဖုံးမှာ ရှိတဲ့ သာမန် ကက်သလစ် ဘုရားကျောင်း တစ်ကျောင်းမှာ ပေါ်ပေါက် ခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ