ဂျပန်မှာ ဓားထိုး တိုက်ခိုက်သူ နေအိမ်ကို ဝင်ရှာ

  • 27 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် GETTY IMAGES
Image caption ဆာတိုရှိ ယူမတ်ဆု ရဲ့ နေအိမ်က သူတိုက်ခိုက်ရာ မသန်စွမ်း ဂေဟာနဲ့ မနီးမဝေးမှာ ရှိ။

ဂျပန် နိုင်ငံမှာ ဆယ်စုနှစ်ပေါင်း များစွာအတွင်း အဆိုးဆုံး အစုလိုက် သတ်ဖြတ်မှု အဖြစ် မသန်စွမ်း စောင့်ရှောက်ရေး ဂေဟာက စိတ်ဝေဒနာရှင် တွေကို ဓားနဲ့ထိုး သတ်ဖြတ်ခဲ့သူရဲ့ နေအိမ်ကို ဂျပန် ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေခဲ့ပါတယ်။

ဆာဂါမိဟာရာ မြို့က အဲဒီ မသန်စွမ်း စောင့်ရှောက်ရေး ဂေဟာမှာ အလုပ် လုပ်ခဲ့ဖူးတဲ့ ဆာတိုရှိ ယူမတ်ဆု လို့ ခေါ်တဲ့ အဲဒီ လူဟာ အင်္ဂါနေ့က ဂေဟာထဲကို ချိုးဖျက် ဝင်ရောက်ပြီး လူ ၁၉ ယောက်ကို ဓားနဲ့ထိုး သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီလို တိုက်ခိုက် သတ်ဖြတ် ခဲ့ပြီးနောက် ၂၆ နှစ်အရွယ် အဲဒီ လူက ရဲထံ အဖမ်းခံ ခဲ့ပါတယ်။ သူက မသန်စွမ်းသူတွေ အားလုံးကို မရှိစေချင်ဘူးလို့ ရဲတပ်ဖွဲ့ကို ပြောတယ်လို့ ဆိုပါတယ်။

သူဟာ အရင်ကလည်း ရာနဲ့ချီတဲ့ မသန်စွမ်းတွေကို သတ်ဖြတ်မယ် ဆိုပြီး အုပ်ချုပ်ရေး ပိုင်းက လူတွေဆီ ခြိမ်းခြောက်စာတွေ ပို့ခဲ့ဖူးပါတယ်။

ဂျပန် နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြမ်းဖက် တိုက်ခိုက်မှု အနည်းဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ လူဦးရေ သန်း ၁၃၀ ရှိတဲ့ ဂျပန် နိုင်ငံမှာ မနှစ်က တစ်နှစ်အတွင်း ပေါ်ပေါက်ခဲ့တဲ့ လူသတ်မှု အရေအတွက်ဟာ လူဦးရေ ၃ သန်း မပြည့်တဲ့ ချီကာဂိုမြို့မှာ ပေါ်ပေါက်ခဲ့တဲ့ လူသတ်မှု အရေအတွက်ထက် နည်းတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ