MH370 လေယာဉ်ပျက် မြောက်ဘက်ကျကျမှာ ရှိနိုင်

  • 27 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် Jansen et al
Image caption အနီစက် နေရာတွေက ပြန်တွေ့ရတဲ့ အပိုင်းအစ တချို့ရဲ့ နေရာတွေ ဖြစ်။

ပျောက်ဆုံးသွားတဲ့ မလေးရှား လေကြောင်းပိုင် MH370 လေယာဉ်ပျက်ဟာ လက်ရှိ ရှာဖွေနေတဲ့ ဧရိယာထဲမှာ မရှိဘဲ အဲဒီ ဧရိယာရဲ့ မြောက်ဘက် ကီလို မီတာ ၅၀၀ လောက် အကွာမှာ ရှိနေ နိုင်တယ်လို့ အီတလီ နိုင်ငံက ပညာရှင်တွေက ပြောလိုက်ပါတယ်။

လေယာဉ် အပိုင်းအစ တချို့ကို ပြန်တွေ့ရတဲ့ တည်နေရာတွေနဲ့ အတူ သမုဒ္ဒရာ ရေပြင်နဲ့ မိုးလေဝသ အချက်အလက်တွေကို သုံးပြီး တွက်ချက်တဲ့ ကွန်ပျူတာ ပုံစံကိုပါ အခြေခံပြီး အခုလို အဲဒီ ပညာရှင်တွေက အကဲဖြတ် ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ အကဲဖြတ်ချက်ကို သုံးပြီး လေယာဉ် တကယ် ပျက်ကျခဲ့တဲ့ အဖြစ်နိုင်ဆုံး နေရာနဲ့ အကြွင်းအကျန် အပိုင်းအစတွေ ရှာတွေ့နိုင်မယ့် နေရာတွေကို တွက်နိုင်တယ်လို့ အဲဒီ ပညာရှင်တွေက ပြောပါတယ်။

လက်ရှိ ပြုလုပ်နေတဲ့ သြစတြေးလျ အနောက်ဘက် ကမ်းလွန်က ရှာဖွေမှုတွေကို မကြာခင်မှာ ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။

အထောက်အထား အခိုင်အမာ ထပ်မတွေ့ရတဲ့ အတွက် သြစတြေးလျ ကမ်းလွန်က ပင်လယ် ကြမ်းပြင်မှာ ရှာဖွေ နေတာတွေကို စတုရန်း ကီလိုမီတာ တစ်သိန်း နှစ်သောင်း ပြည့်တာနဲ့ ရပ်ဆိုင်းမယ်လို့ အာဏာပိုင်တွေက သဘောတူ ထားကြတာပါ။ အဲဒါက လာမယ့် သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ ပြီးဆုံးဖွယ် ရှိပါတယ်။

မလေးရှား ခရီးသည်တင် လေယာဉ် MH370 ဟာ ၂၀၁၄ မတ်လက လူ ၂၃၉ ဦး တင်ဆောင် ပျံသန်းစဉ် ပျောက်ဆုံး ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ