မူးယစ်ပြစ်မှုနဲ့ လူ၄ယောက်ကို အင်ဒိုနီးရှားနိုင်ငံမှာ သေဒဏ်ချမှတ်

  • 28 ဇူလိုင် 2016
အင်ဒိုနီးရှားမှာ မူးယစ် ပစ်ဒဏ်နဲ့၄ယောက် ကွပ်မျက်ခံရ ဓာတ်ပုံ မူပိုင် AFP
Image caption အင်ဒိုနီးရှားမှာ မူးယစ် ပစ်ဒဏ်နဲ့၄ယောက် ကွပ်မျက်ခံရ

အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့ သေဒဏ် ချမှတ်ခံရသူ၄ဦးကို ဒေသစံတော်ချိန် သန်းခေါင်ကျော်မှာ သေနတ်နဲ့ ပစ်သတ် ကွပ်မျက်လိုက်ပြီလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။ ဒါဟာ သမ္မတJoko Widodo လက်ထက်မှာ မူးယစ် မှောင်ခိုသူတွေကို တတိယအကြိမ် ကွပ်မျက် လိုက်တာဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေတွေရှိတဲ့ နိုင်ငံထဲကတခု အပါအဝင်ဖြစ်ပါတယ်။ အခုလို သေဒဏ်ချမှတ်တာကို နိုင်ငံတကာက အပြင်းအထန် ဝေဖန်နေတဲ့ကြားက ဆက်လက်ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါဟာ ဒေသတွင်းရော နိုင်ငံတကာ ဥပဒေကိုပါချိုးဖေါက်တဲ့ စက်ဆုပ်ဖွယ် လုပ်ရပ်လို့AI နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က ရှုတ်ချလိုက်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Armanatha Nasir ကတော့ သေဒဏ် ချမှတ်တာဟာ နိုင်ငံတကာ ဥပဒေသတ်မှတ်ချက်တွေကို ချိုးဖေါက်ရာမရောက်ပါဘူး။ အင်ဒိုနီးရှားမှာ သေဒဏ်ကို အပြုသဘောအတွက် ဆက်လက်ကျင့်သုံးနေပြီး အခြေခံဥပဒေ အရလည်း လူ့အခွင့်အရေး ချိုးဖေါက်ရာ မရောက်ဖူးလို့ပြောသွားပါတယ်။

အခုကွပ်မျက်ခံရသူတွေထဲမှာ အင်ဒိုနီးရှား တယောက်နဲ့ နိုင်ဂျီးရီးယားလူမျိုး ၃ယောက်တို့ပါဝင်ပါတယ်။ ဂျကာတာပို့စ် သတင်းစာအရ ဆွေမျိုးတွေဟာ စောစောပိုင်းက သွားရောက်နှုတ်ဆက်ခဲ့ကြပြီး အဲဒီအကျဉ်းထောင်ရှိတဲ့ ကျွန်းကို လူနာတင်ယာဉ်၁၇စီးနဲ့ အခေါင်း ၁၄ခေါင်းပို့ထားတယ်လို့ဆိုပါတယ်။

မူးယစ်ပြစ်ဒဏ်နဲ့ သေဒဏ်အတွက် စောင့်ဆိုင်း နေသူတွေထဲမှာ အင်ဒိုနီရှား ၃ယောက် ပါကစ္စတန်နဲ့ အိန္ဒိယ တယောက်စီနဲ့ နိုင်ဂျီးရီးယား၂ယောက် ဇင်ဘာဘွေ၂ယောက် ကျန်ပါသေးတယ်။

အခုကျန်ရှိသူတွေကို လာမယ့်ရက်တွေမှာ သေဒဏ်ပေးမလား ဒါမှမဟုတ် လွတ်ငြိမ်းခွင့်ပေးမလားဆိုတာ ဘာမှ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ၂၀၁၄ခုနှစ်မှာ သမ္မတ Widodo အရွေးခံရစဉ် မူးယစ်ဆေးဝါးမှောင်ခို ရောင်းဝယ်မှု အတွက် ပြတ်ပြတ်သားသား ကိုင်တွယ်မယ်လို့ ကတိပေးထားပြီး သေဒဏ်ကျခံရသူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ၂၀၁၅နှစ် တုန်းက သြစတြေးလျ နိုင်ငံသား၂ယောက်ကို သေဒဏ်ပေးခဲ့တုန်းကလည်း သြစတြေးလျအစိုးရက အင်ဒိုနီးရှားရှိ သူ့သံအမတ်ကို ၅ပါတ် ပြန်ရုတ်သိမ်းပြီး ကန့်ကွက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ