တရားရေးစနစ် ပျက်ယွင်းခဲ့ဟု ပြင်သစ် ဝန်ကြီးချုပ် ပြော

  • 29 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AP
Image caption နိစ်မြို့ တိုက်ခိုက်မှု ဖြစ်ပြီးနောက် ပြင်သစ် အနှံ့ လုံခြုံရေးတွေ ထပ်တိုးထားခဲ့။

ပြင်သစ် နိုင်ငံ၊ နော်မန်ဒီ ဒေသက ကက်သလစ် ဘုရားကျောင်းမှာ အင်္ဂါနေ့က ခရစ်ယာန် ဘုန်းကြီး အသတ်ခံ ခဲ့ရမှုဟာ ပြင်သစ် တရားစီရင်ရေး စနစ် ချို့ယွင်း ပျက်ပြားခဲ့တဲ့အတွက် ဖြစ်တယ်လို့ ပြင်သစ် ဝန်ကြီးချုပ် မန်နွယ် ဗောင်းစ် က ပြောပါတယ်။

အဲဒီ ဘုရားကျောင်းမှာ တိုက်ခိုက်ခဲ့သူ နှစ်ဦးအနက် တစ်ဦးဟာ အကြမ်းဖက်မှုနဲ့ နွယ်တဲ့ စွဲချက်တွေ စွဲခံထားရလို့ အီလက်ထရောနစ် ခြေရာခံ ကိရိယာ ဝတ်ထားရတဲ့သူ ဖြစ်နေတဲ့ အချက်ကို ပြင်သစ် ဝန်ကြီးချုပ်က သတင်းစာ တစ်စောင်နဲ့ အင်တာဗျူးမှာ ဝေဖန် ပြောဆို သွားတာပါ။

အဲဒီလူကို လွှတ်ပေးထားဖို့ ဆုံးဖြတ်ချက်ကို အစိုးရက ချခဲ့တာ မဟုတ်ဘဲ အလွတ် တရားသူကြီးတွေက ဆုံးဖြတ်ခဲ့တာလို့ သူက ပြောပါတယ်။

နိစ်မြို့မှာ ၈၄ ယောက် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု၊ ခရစ်ယာန် ဘုရားကျောင်း တိုက်ခိုက် ခံရမှုတွေနဲ့ ပတ်သက်ပြီး အစိုးရအပေါ် ဝေဖန်မှုတွေကို ဝန်ကြီးချုပ် မစ္စတာ ဗောင်းစ် ကြုံနေရတာ ဖြစ်ပါတယ်။

အင်္ဂါနေ့က ကက်သလစ် ဘုရားကျောင်းမှာ တိုက်ခိုက်ခဲ့တဲ့ လူငယ် နှစ်ဦးအနက် တစ်ဦးဟာ မနှစ်က ဆီးရီးယားကို သွားရောက်ဖို့ ကြိုးပမ်းစဉ် အဖမ်းခံခဲ့ရသူ ဖြစ်ပါတယ်။ သူ့ကို ဆက်ဖမ်းထားဖို့ အစိုးရ ရှေ့နေတွေက တောင်းဆိုခဲ့ပေမယ့် အခုနှစ် အစောပိုင်းမှာ သူ့ကို အီလက်ထရောနစ် ခြေရာခံ ကိရိယာ ဝတ်ပေးပြီး လွှတ်ပေးခဲ့တာပါ။

ကက်သလစ် ဘုရားကျောင်းမှာ အင်္ဂါနေ့က စုဝေး ဝတ်ပြုချိန်အတွင်း အသက် ၈၆ နှစ်အရွယ် ဘုန်းတော်ကြီးကို လည်လှီး သတ်ဖြတ်ခဲ့တဲ့ အဲဒီ လူငယ် နှစ်ဦးကို ဘုရားကျောင်း အပြင်မှာ ရဲက ပစ်သတ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ