အဆုံးအဖြတ်ကာလနဲ့ အမေရိကန် ကြုံနေဟု ဟီလာရီ ပြော

  • 29 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption အမေရိကန်ကို ခြိမ်းခြောက်နေတဲ့ ကြီးမားတဲ့ အင်အားတွေ ရှိနေတယ်လို့ ဟီလာရီ ပြော။

အမေရိကန် နိုင်ငံမှာ ဒီမိုကရက်တစ် ပါတီရဲ့ ကိုယ်စားပြု သမ္မတလောင်း အဖြစ် သမိုင်းဝင် အရွေးခံ လိုက်ရတဲ့ ဟီလာရီ ကလင်တန်က နိုဝင်ဘာမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲဟာ ချင့်ချိန် တွက်ချက်ရမယ့် အဆုံးအဖြတ် ကာလ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဖီလာဒဲလ်ဖီးယားမှာ ပြုလုပ်တဲ့ ဒီမိုကရက်တစ် ပါတီ ညီလာခံ နောက်ဆုံးနေ့ ညမှာ ဟီလာရီ ကလင်တန်က ပါတီကိုယ်စားပြု သမ္မတလောင်း အဖြစ် အရွေးခံရမှုကို လက်ခံစဉ် ခုလို ပြောလိုက်တာပါ။

အမေရိကန် အဓိက ပါတီကြီး တစ်ခုရဲ့ ကိုယ်စားပြု သမ္မတလောင်း အဖြစ် အရွေးခံရတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာခဲ့သူ ဟီလာရီ ကလင်တန်က အင်အားကြီးတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတယ် လို့လည်း ပြောပါတယ်။

ဟီလာရီက သူ့ရဲ့ ပြိုင်ဖက် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ် ထရမ့်ကိုလည်း တိုက်ခိုက် ပြောဆိုခဲ့ရာမှာ ဒေါ်နယ် ထရမ့်ဟာ သမ္မတ ရာထူးကို လက်ခံနိုင်တဲ့ အရည်အချင်းရော အတွေ့အကြုံပါ ရှိသူ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

စိတ်ကို အနည်းငယ် အဆွခံရတာနဲ့ ဒေါ်သူပုန် ထတတ်တဲ့ ဒေါ်နယ် ထရမ့်လို လူမျိုးက စစ်ဦးစီးချုပ် တာဝန် ယူဖို့ ဖြစ်နိုင် ပါ့မလား လို့လည်း ဟီလာရီက မေးခွန်းထုတ် ထိုးနှက် ခဲ့ပါတယ်။

မစ္စတာ ထရမ့်ကလည်း ဒုက္ခသည်တွေ ထပ်လက်ခံဖို့ပဲ ပြောနေပြီး အစွန်းရောက် အစ္စလာမ် ဝါဒ အကြောင်းကို ပြောဖို့ ငြင်းဆန်တဲ့ ဟီလာရီရဲ့ လုပ်ရပ်ကလည်း အမေရိကန်ကို အုပ်ချုပ်ဖို့ မသင့်တော်တဲ့ နောက်ထပ် အကြောင်းတစ်ခု ဖြစ်တယ်လို့ တွစ်တာက တဆင့် တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ