ဆွေးနွေးပွဲတွေ ရလဒ်ကောင်းမှ ဒုက္ခသည်တွေ အိမ်ပြန်နိုင်မယ်

  • 29 ဇူလိုင် 2016
Image caption ပြည်တွင်းမှာ တိုက်ပွဲတွေ သေနတ်သံတွေ ရပ်စဲသွားမယ့်နေ့ ကို မျှော်နေ ကြ

တိုင်းရင်းသား တော်လှန်ရေး အင်အားစုများရဲ့ ညီလာခံကို ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ပြုလုပ်နေပြီး တိုင်းရင်းသား ခေါင်းဆောင် တွေက အခု စုံညီအစည်းအဝေးကနေ ငြိမ်းချမ်းရေးအတွက် လမ်းစကောင်းတွေ ရလာဖို့ မျှော်လင့် နေကြ ပါတယ်။

ငြိမ်းချမ်းရေးရမှ ကိုယ့်နေရပ်ရင်း ပြန်ကြရမယ့် ဒုက္ခသည် တွေကလည်း ပြည်တွင်းမှာ တိုက်ပွဲတွေ သေနတ်သံတွေ ရပ်စဲသွားမယ့်နေ့ ကို မျှော်နေ ကြပါတယ်။

မိုင်ဂျာယန် မြို့ ကနေ သုံး နာရီလောက် ကားမောင်းသွားရင် အင်ခွန်ဂျာ ဒုက္ခသည် စခန်း ကို ရောက်မှာပါ။

၂၀၁၁ ခုနှစ်မှာ တပ်မတော် နဲ့ ကေအိုင်အေ တို့ အကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွား ခဲ့တာကြောင့် အနီးအနား တစ်ဝိုက် ကျေးရွာ ၁၆ ရွာ က ဒေသခံတွေ အင်ခွန်ဂျာ ဒုက္ခသည် စခန်း မှာ လာရောက် ခိုလှုံနေတာ ဖြစ်ပါတယ်။

စစ်ပြေး ဒုက္ခသည် စုစုပေါင်း တစ်ထောင်ခန့် ရှိပါတယ်။ အများစု ဟာ ကလေးငယ် တွေနဲ့ အမျိုးသမီးများ ဖြစ်ကြပါတယ်။

ဒုက္ခသည် စခန်းကို အလှူရှင်တွေက လာရောက် လှူဒါန်း တဲ့ အတွက် လောလော ဆယ် စားဝတ် နေရေး အဆင် ပြေပေမယ့် ရေရှည် ရပ်တည်ဖို့ အတွက် မလွယ်ဘူးလို့ သိရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် လုပ်နေတဲ့ ငြိမ်းချမ်းရေး အတွက် အများကြီး မျှော်လင့် ထားတယ်လို့ ဒုက္ခသည် စခန်း ကို ရောက်နေတဲ့ ကေအိုင်ကေ ဗိုလ်မှူး တစ်ဦး က ပြောပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေမှာ ရလဒ်ကောင်း တစ်ခု ရမှ သူတို့ ရပ်ရွာ တွေကို ပြန်နိုင်မှာ ဖြစ်တယ်လို့ ဒုက္ခသည်တွေက မျှော်လင့်ချက် အပြည့်နဲ့ ပြောကြား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ