အမေရိကန် မီးပုံးပျံ ပျက်ကျရာမှာသေဆုံးမှုရှိ

  • 30 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် AP
Image caption သေဆုံးသူများပြားတယ်လို့သာအာဏာပိုင်တွေကပြော

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ် မှာ မီးပုံးပျံ တခု ပျက်ကျ ခဲ့ရာမှာ လူ သေဆုံးမှု များပြား တယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။

မီးပုံးပျံ ပျက်ကျခဲ့ တဲ့နေရာ ဟာ တက္ကဆက် ပြည်နယ် အော်စတင်မြို့ရဲ့ တောင်ဖက် မိုင် ၃၀ လောက် အကွာမှာ ဖြစ်ပြီး နွားစားကျက် မြေနဲ့ ပြောင်းခင်း တွေ ရှိတဲ့ နေရာ ဖြစ်ပါတယ်။

အဲဒီ ကွင်းပြင်မှာ တိုက်အမြင့်ကြီး တွေလောက် မြင့်မား တဲ့ လျှပ်စစ် ဓါတ်အားတိုင် တွေလည်း ဖြတ်သန်း သွယ်တန်း ထားပါတယ်။

မီးပုံးပျံဟာ မြေကြီးပေါ်ကို ပျက်ကျ လာပြီးတဲ့ နောက် ပေါက်ကွဲ ခဲ့ပါတယ်။

ခွေးနဲ့လမ်းလျှောက်နေတုန်း အဲဒါကိုမြင်လိုက်ရတဲ့ မာဂရက်ဝိုင်လီ ဆိုတဲ့အမျိုးသမီးက ခုလိုပြန်ပြောပြပါတယ်။

မီးပုံးပျံ ဘယ်လိုကြောင့် ပျက်ကျ ခဲ့တာလဲ၊ လိုက်ပါလာတဲ့ ခရီးသည် တွေက ဘယ်သူ တွေလဲ ဆိုတာကို အာဏာပိုင် တွေက စုံစမ်း နေဆဲ ဖြစ်ပါတယ်။

ဒီမတော်တဆ မှုကိုစုံစမ်း စစ်ဆေး နေသူတွေက လူ အတော် များများ အသက်ဆုံးရှုံး ခဲ့တယ် ဆိုတာကို လောက်သာ ပြောပါတယ်။

ဒါပေမယ့် မီးပုံးပျံ နဲ့ လိုက်ပါ သွားသူ အနည်းဆုံး ၁၆ ယောက် ရှိတယ်လို့ ယူဆရပါတယ်။

တက္ကဆပ်စ် ပြည်နယ် အုပ်ချုပ် ရေးမှူး Greg Abbot က ဒါဟာ နှလုံး ကြေကွဲစရာ ဖြစ်ရပ်ဆိုး ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ပြီး သေဆုံး သူတွေရဲ့ မိသားစု တွေကို နှစ်သိမ့် စကားဆိုခဲ့ ပါတယ်။

ဒီဖြစ်ရပ်ဟာ မီးပုံးပျံ ပျက်ကျခဲ့မှု တွေထဲမှာ အဆိုးဆုံး ဖြစ်ရပ်တခု ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံး နှစ်တုန်းက အီဂျစ်နိုင်ငံ Luxor အရပ်မှာ မီးပုံးပျံ တခု ပျက်ကျခဲ့ပြီး လူ ၁၉ ဦးသေဆုံး ခဲ့ရဘူး ပါတယ်။

အဲဒီလို မတော် တဆမှုမျိုး ဖြစ်လာမှာကို စိုးရိမ်တဲ့ အတွက် မတော် တဆမှု တွေကို စုံစမ်း စစ်ဆေးတဲ့ အမေရိကန် အရာရှိ တွေက မီးပုံးပျံ တွေပျံသန်းမှုနဲ့ သက်ဆိုင်တဲ့ စည်းကမ်း တွေကို ပိုပြီး တင်းကျပ်ဖို့ လွန်ခဲ့တဲ့ ၂ နှစ်က တိုက်တွန်းခဲ့ ပါသေးတယ်။

ဒါပေမယ့် အဲဒီအချိန်က ဖက်ဒရယ် လေကြောင်း ပျံသန်းမှု ထိန်းချုပ်ရေး အဖွဲ့ အကြီးအကဲ က ဒီလောက် အထိ အရေးယူ ဆောင်ရွက် ဖို့ မလိုအပ် သေးဘူး ဆိုပြီး ပယ်ချခဲ့ တယ်လို့ အခုအခါ စုံစမ်း သိလာရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ