အမေရိကန် သမ္မတရွေးကောက်ပွဲအကြို အပြန်အလှန် ဝေဖန်သံ

  • 2 ဩဂုတ် 2016
obama_trump_ ဓာတ်ပုံ မူပိုင် Getty
Image caption သမ္မတ အိုဘားမား က ဒေါ်နယ်ထရမ့် ကို ဝေဖန်

အမေရိကန် သမ္မတ ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ ပြိုင်ဖက်ပါတီ ကြီး နှစ်ခု ဖြစ်တဲ့ ရီပတ်ဘလီကန် နဲ့ ဒီမိုကရက်တစ် ပါတီ က သမ္မတ လောင်း နှစ်ဦး လည်း အမေရိကန် မဲဆန္ဒရှင်တွေ ကို အကြိတ်အနယ် မဲဆွယ် နေရပြီ ဖြစ်သလို ပါတီတွင်း စည်းရုံးမှု ထောက်ခံမှု မပြိုကွဲအောင်လည်း ကြိုးစားနေရပါတယ်။ ဒါပေမဲ့ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် ကတော့ အပြောမတတ်တဲ့ အတွက် သူ့ ပါတီတွင်းက ထိပ်ပိုင်း ခေါင်းဆောင် တွေ ပင် စိတ်ပျက်စေ တဲ့ အထိ နှုတ်ကျွံခဲ့ ပါတယ်။ အီရတ်တိုက်ပွဲ မှာ အသေခံဗုံးခွဲ ခံရမှုကြောင့် ကျဆုံးသွား တဲ့ အမေရိကန် မွတ်ဆလင် ဗိုလ်ကြီး ဟူမရွန်းခန်း ရဲ့ မိခင် ကို သရော် လှောင်ပြောင် ခဲ့လို့ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား ကလည်း ရီပတ်ဘလီကန် ခေါင်းဆောင်ပိုင်း တွေ အနေ နဲ့ မဆင်မခြင် ပြောလေ့ရှိ တဲ့ မစ္စတာထရမ့် ကို ထောက်ခံဖို့ မကောင်း တော့ဘူး၊ သူဟာ သမ္မတ ရာထူး အတွက် မသင့်တော် တဲ့ ပုဂ္ဂိုလ် လို့ ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် သူ့ မှာ ဥရောပ၊ အရှေ့ အလယ်ပိုင်း၊ အာရှ စတဲ့ အရပ်ဒေသတွေ မှာ ဘယ်လောက် အရေးကြီးတဲ့ ကိစ္စရပ်တွေ ဖြစ်ပွားနေသလည်း ဆိုတဲ့ အခြေခံ အသိဉာဏ် ပင် ရှိပုံ မရ လို့ သမ္မတ ရာထူး အတွက် လည်း ဘယ်လို မှ အဆင်သင့် မဖြစ်သေး တဲ့ အဓိပ္ပါယ် ပါ လို့ ပြောသွား တာပါ။

ဒေါ်နယ်ထရမ့် ကလည်း ဘယ်သူ ဘယ်လိုပဲ ဝေဖန်ပါစေ။ သူပြောချင်တာ ကို ပြောချ တတ်တဲ့ စရိုက်အတိုင်း ပြိုင်ဘက် ဟီလာရီ ကလင်တန် ကိုလည်း မကောင်းဆိုးဝါး လို့ ကင်ပွန်းတပ်ယင်း၊ မစ္စက် ကလင်တန် ကို ထောက်ခံပေး လိုက်တဲ့ ဗားမွန့် ဆီးနိတ် လွှတ်တော် အမတ် ဘာနီဆန်းဒါး ကို လည်း ကိုယ့်ဘာသာ ကိုယ် မနေပဲ မကောင်းဆိုးဝါး နဲ့ အပေးအယူ လုပ်တာ မှားတဲ့ အကြောင်း တိုက်ခိုက်ပြောဆိုလိုက်ပါတယ်။ ဘာနီဆန်းဒါး အနေနဲ့ မစ္စက် ကလင်တန် နဲ့ အပေးအယူ လုပ်ဖို့ မကောင်းပေမဲ့ သူက မကောင်းဆိုးဝါး နဲ့ အပေးအယူ လုပ်ပြီး ပါတီသမ္မတ လောင်းရွေးပွဲ ကနေ နောက်ဆုတ် ပေးခဲ့ လို့ သူ့ လူတွေ ကလည်း သူ့ ကို ဒီလို လုပ်လို့ စိတ်ဆိုးကြတာ လို့ ပြော လိုက်တာပါ။

တဖက် က မစ္စတာထရမ့် အပေါ် မှာ သမ္မတ အိုဘားမား က ဖိအား တွေ တဖြေးဖြေး တိုးမြှင့်ပေးလာ သလို ရီပတ်ဘလီကန် ပါတီ ထဲက ထိပ်ပိုင်း ခေါင်းဆောင် တွေ ဖြစ်တဲ့ လွှတ်တော် ဥက္ကဌ ပေါလ် ရိုင်ရင်၊ ဆီးနိတ် အမတ် မစ်ချ် မက်ကောနဲလ် နဲ့ ၂၀၀၈ ခုနှစ် က သမ္မတ အဖြစ် လျာထား ခံရဖူး သူ ဂျွန်မက်ကိန်း တို့ပင် မွတ်ဆလင် စစ်ဗိုလ် လေးရဲ့ မိဖ ကိစ္စ နဲ့ ပတ်သက်လို့ ကြေညာချက် အသီးသီး ထုတ်ပြန် ပြီး မစ္စတာထရမ်ပ့် နဲ့ သဘောချင်း မတိုက်ဆိုင် ကြောင်း ကို အသိပေး နေကြ လို့ ရီပတ်ဘလီကန် တွေ ပင် ဟီလာရီ ကလင်တန် ကို မဲထည့် နိုင်ဘွယ်ရှိတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် က သုံးသပ် လိုက်ပါတယ်။