အီမရိတ် လေယာဉ် ဒူဘိုင်းမြို့ အဆင်း ထိခိုက်ပျက်စီး

  • 3 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် EPA
Image caption လိုက်ပါလာတဲ့ လူ ၃၀၀ စုံးကို ကယ်ထုတ်နိုင်ခဲ့။

လူ ၃၀၀ တင်ဆောင်ပြီး အိန္ဒိယ ကနေ ပျံသန်းလာတဲ့ အီမရိတ် လေကြောင်းပိုင် ခရီးသည်တင် လေယာဉ် တစ်စီးဟာ ဒူဘိုင်းမြို့ နိုင်ငံတကာ လေဆိပ်ကို အဆင်းမှာ ထိခိုက် ပျက်စီးခဲ့ပြီး လိုက်ပါလာသူ တွေကိုတော့ အကုန် ကယ်ထုတ် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထူထဲတဲ့ မီးခိုးတွေ ထွက်နေပြီး ဝမ်းဗိုက်နဲ့ လျှောဆင်းခဲ့ပုံ ရတဲ့ လေယာဉ်ကို သတင်း ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

လေယာဉ်ပေါ် ပါလာသူ အားလုံးကို ဘေးလွတ်ရာ ကယ်ထုတ် နိုင်ခဲ့ပြီး အသေအပျောက် မရှိဘူးလို့ ဒူဘိုင်း အရာရှိတွေက ပြောပါတယ်။

အခုလို ထိခိုက် ပျက်စီးရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ခရီးသည် ၂၈၂ ဦးနဲ့ လေယာဉ် အဖွဲ့သား ၁၈ ဦး လိုက်ပါလာတဲ့ ဘိုရင်း ၇၇၇ လေယာဉ်ဟာ အိန္ဒိယ နိုင်ငံ၊ ထရီဗန်ဒရမ် မြို့ကနေ ဒူဘိုင်းကို ပျံသန်း ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာ ဒူဘိုင်း လေဆိပ်ကနေ ထွက်ခွာမယ့် လေယာဉ် ခရီးစဉ် အားလုံးကို ယာယီ ဆိုင်းငံ့ ထားတယ်လို့ ဒူဘိုင်း အာဏာပိုင်တွေက ပြောပါတယ်။

ဒူဘိုင်း နိုင်ငံတကာ လေဆိပ်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ လေယာဉ် အဝင်အထွက် အများဆုံး လေဆိပ်တွေထဲက တစ်ခု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ