မြောက်ကိုရီးယား ဒုံးကျည် ဂျပန်ပိုင်နက်ထဲ ကျရောက်

  • 3 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AP
Image caption မြောက်ကိုရီးယားက အခု လအနည်းငယ် အတွင်း ဒုံးကျည် ပစ်လွှတ်မှုတွေ ဆက်တိုက် ပြုလုပ်နေခဲ့။

မြောက်ကိုရီးယား နိုင်ငံက သူတို့ရဲ့ အရှေ့ဘက် ကမ်းခြေကနေ ဒီကနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းက ပဲ့ထိန်း ဒုံးကျည် နှစ်စင်း စမ်းသပ် ပစ်လွှတ်ခဲ့ရာမှာ တစ်စင်းက ကီလိုမီတာ ၁၀၀၀ ဝေးတဲ့ ဂျပန် ရေပိုင်နက်ထဲကို ကျရောက် ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်က ပြောပါတယ်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အဘေးက ဒါဟာ လက်သင့်မခံနိုင်တဲ့ ကိစ္စဖြစ်ပြီး ဂျပန်ရဲ့ လုံခြုံရေးကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားက ကုလ သမဂ္ဂရဲ့ ပိတ်ပင်မှုကို အာခံပြီး ဒုံးကျည် ပစ်လွှတ်မှုတွေကို အခု လအနည်းငယ် အတွင်း ဆက်တိုက် ပြုလုပ်နေရာမှာ ဒီတစ်ခုက နောက်ဆုံး စမ်းသပ်မှု ဖြစ်သလို ဒုံးကျည် ရောက်ရှိတဲ့ အကွာအဝေး ကလည်း အရှည်ဆုံး ဖြစ်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်း စီစဉ်နေတဲ့ ဒုံးကျည် ကာကွယ်ရေး စနစ် ထားရှိမယ့် အစီအစဉ်ကို တုံ့ပြန် လုပ်ဆောင် သွားမယ်လို့ မြောက်ကိုရီးယားက ပြောဆို ထားခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်က မြောက်ကိုရီးယား ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် နှစ်စင်း အနက် တစ်စင်းကတော့ ပစ်လွှတ်ပြီး မကြာမီမှာ ပေါက်ကွဲ ပျက်စီးခဲ့တယ်လို့ ဝါရှင်တန်က ပြောပါတယ်။ ဒေသတွင်းက အမေရိကန် မဟာမိတ်တွေကို ကာကွယ်ဖို့ အသင့်ပြင်ထားတယ် လို့လည်း ဝါရှင်တန်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ