လူ ၂၀ ကို အီရန် ကြိုးပေး ကွပ်မျက်

  • 4 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption မနှစ်က တစ်နှစ် အတွင်း လူ တစ်ထောင် နီးပါးကို အီရန် ကွပ်မျက်ခဲ့။

အီရန် နိုင်ငံမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တယ် ဆိုတဲ့ ဆွန်နီ မွတ်ဆလင် အကျဉ်းသား အယောက် ၂၀ ကို ကြိုးပေး ကွပ်မျက် ခဲ့ပါတယ်။

အင်္ဂါနေ့က ကြိုးပေးခဲ့တဲ့ အဲဒီ အကျဉ်းသားတွေဟာ ၂၀၀၉ ကနေ ၂၀၁၁ အတွင်း အမျိုးသမီးတွေနဲ့ ကလေးတွေ သတ်ခဲ့သူတွေ ဖြစ်တယ်လို့ အီရန် သတင်းမီဒီယာက ပြောပါတယ်။

ရှီးယားတွေ အများစု ဖြစ်တဲ့ အီရန်ဟာ မနှစ်က တစ်နှစ်အတွင်းမှာ လူ ၉၇၇ ယောက်ကို ကွပ်မျက် ခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောပါတယ်။

အခု နောက်ဆုံး ကွပ်မျက်မှုတွေကို လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ကြပြီး သူတို့တွေကို တရားခွင်မှာ စစ်ဆေးစဉ်က မျှမျှတတ မရှိခဲ့ဘူးလို့ ပြောကြပါတယ်။

ကြိုးပေး ခံရသူတွေထဲက တစ်ဦးဟာ အင်အားသုံးပြီး အပြစ် ဝန်ခံခိုင်းတာကို ခံခဲ့ရတယ်လို့ အမေရိကန် အခြေစိုက်တဲ့ အီရန် ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။

အဲဒီ အကျဉ်းသားတွေကို ကြိုးမပေးမီ သူတို့ရဲ့ မိသားစုတွေနဲ့လည်း တွေ့ခွင့် မရခဲ့ကြဘူးလို့ အဲဒီ အဖွဲ့က ပြောပါတယ်။

အီရန် နိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်အတွင်း သေဒဏ်ပေး ကွပ်မျက်တဲ့ အရေအတွက် အများဆုံး နိုင်ငံတွေထဲမှာ ဒုတိယ ချိတ်ပြီး၊ ပထမ အများဆုံး ဖြစ်တဲ့ တရုတ် နိုင်ငံကတော့ မနှစ်က လူ တစ်ထောင်ကျော်ကို ကွပ်မျက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ