လန်ဒန်မြို့လယ် တိုက်ခိုက်သူကို လူသတ်မှုနဲ့ ဖမ်းဆီး

  • 4 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption တိုက်ခိုက်တဲ့ အကြောင်းရင်းနဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိသေး။

လန်ဒန် မြို့လယ်က ရပ်ဆဲ စကွဲ ပန်းခြံမှာ အမျိုးသမီး တစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာ ရစေခဲ့တဲ့ ဓားထိုး တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူ ၁၉ နှစ်အရွယ် လူငယ်ကို ရဲတပ်ဖွဲ့က လူသတ်မှု စွဲချက်နဲ့ ဖမ်းဆီးခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ည ၁၀ နာရီခွဲ လောက်မှာ လူတစ်ယောက်က တခြား လူတွေကို ဓားနဲ့ တိုက်ခိုက်နေတယ် ဆိုတဲ့ သတင်းရလို့ ရဲတွေ ရောက်သွားခဲ့တာ ဖြစ်ပြီး တိုက်ခိုက် ခံရသူတွေ အနက် အသက် ၆၀ တန်း အမျိုးသမီး တစ်ဦး သေဆုံးခဲ့တာပါ။

အစောပိုင်း အထောက်အထားတွေအရ အဲဒီ လူငယ်ဟာ စိတ်ကျန်းမာရေး ချို့ယွင်းမှုကြောင့် အခုလို တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ ပြောပါတယ်။ ဒါပေမယ့် တခြား ရည်ရွယ်ချက် ရှိနိုင်သလား ဆိုတာကိုလည်း စုံစမ်းနေတယ်လို့ ရဲက ဆိုပါတယ်။

လန်ဒန် မြို့တော်ဝန် Sadiq Khan ကတော့ စိတ်အေးအေးထားပြီး နိုးနိုးကြားကြား ရှိကြဖို့ အများပြည်သူကို တိုက်တွန်း ထားပါတယ်။

ဒဏ်ရာရသူ ၅ ဦးက အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၃ ဦး ဖြစ်ပြီး၊ သူတို့ အထဲက ၃ ဦးက ဆေးရုံကနေ ဆင်းသွားပြီး ၂ ဦးသာ ဆေးရုံမှာ ကျန်တော့တယ်လို့ စကော့တလန် ယာ့ဒ်က ပြောပါတယ်။

လန်ဒန်မြို့ လမ်းတွေပေါ်မှာ လုံခြုံရေးတွေ ထပ်တိုး ချထားမယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ