တရုတ် ဥပဒေအကျိုးဆောင် လုပ်ငန်းရှင် ထောင်ချခံရ

  • 4 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AP
Image caption မစ္စတာ ဇူရှီဖန်းရဲ့ ဥပဒေ အကျိုးဆောင် လုပ်ငန်းက အစိုးရနဲ့ ဆန့်ကျင်သူတွေရဲ့ အမှုတွေကို အများအပြား ကိုင်တွယ်ခဲ့။

တရုတ် နိုင်ငံမှာ အစိုးရနဲ့ ဆန့်ကျင်တဲ့ အမှုတွေကို ကိုင်တွယ်လေ့ရှိတဲ့ ဥပဒေ အကျိုးဆောင် လုပ်ငန်းတစ်ခုရဲ့ ဦးစီး ထူထောင်သူ Zhou Shifeng ကို အဖျက်အမှောင့် လုပ်တယ် ဆိုတဲ့ စွဲချက်နဲ့ အစိုးရက ထောင်ဒဏ် ၇ နှစ် ချမှတ် လိုက်ပါတယ်။

မစ္စတာ ဇူ ရှီဖန်းကို တိယန်ကျင်း မြို့မှာ အခုလို ချမှတ်ခဲ့တာ ဖြစ်ပြီး၊ ဒီအမှုဟာ တရားစီရင်ရေး စနစ် လွတ်လပ်ခွင့် အပေါ် တရုတ် အစိုးရက ဖြိုခွင်းတဲ့ အမှုတွေ အနက် နောက်ဆုံး တစ်ခု ဖြစ်ပါတယ်။

အခု ပိတ်သွားပြီဖြစ်တဲ့ မစ္စတာ ဇူရဲ့ ဥပဒေ အကျိုးဆောင် လုပ်ငန်း Fengrui ဟာ အရင်က တရုတ်အစိုးရ အပေါ် ဝေဖန်သူတွေနဲ့ ဖိနှိပ်ခံ ဘာသာရေး အဖွဲ့တွေကို ကိုယ်စားပြုပြီး အစိုးရနဲ့ ရင်ဆိုင်ပေးခဲ့တဲ့ ဥပဒေ လုပ်ငန်း ဖြစ်ပါတယ်။

အခု သီတင်းပတ် အစောပိုင်းကလည်း မစ္စတာ ဇူရဲ့ လုပ်ဖော် ကိုင်ဖက်တွေ ဖြစ်တဲ့ အစိုးရ ဝေဖန်ရေး စာရေးဆရာ ဟူ ရှီဂျန် Hu Shigen က ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခံခဲ့ရပြီး၊ တက်ကြွလှုပ်ရှားသူ ဇိုင် ယန်မင်း Zhai Yanmin က ဆိုင်းငံ့ ထောင်ဒဏ် ၃ နှစ် ချမှတ် ခံခဲ့ရပါတယ်။

မနှစ်က စပြီး ရှေ့နေတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေ စုစုပေါင်း ၃၀၀ လောက် ဖမ်းဆီး ခံခဲ့ရပြီး၊ ခုချိန်အထိ ထိန်းသိမ်း ခံထားရသူက အယောက် ၂၀ လောက် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ