အာသံနယ်မှာ သူပုန်တွေ တိုက်ခိုက်၊ ၁၃ ဦး သေဆုံး

  • 5 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် INDIAN ARMY
Image caption ကိုခရာဂျာ ခရိုင်က အခင်းဖြစ် ဧရိယာမှာ အိန္ဒိယ လုံခြုံရေးတွေ ရှာဖွေ ရှင်းလင်းရေး ပြုလုပ်။

အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်းက အာသံ ပြည်နယ်မှာ သေနတ်သမား တချို့က လူစည်ကားတဲ့ စျေးထဲကို ပစ်ခတ် တိုက်ခိုက်တဲ့ အတွက် အနည်းဆုံး လူ ၁၃ ဦး သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒီ တိုက်ခိုက်မှုဟာ NDFB ခေါ် ဘိုဒို အမျိုးသား ဒီမိုကရက်တစ် တပ်ဦး သူပုန်တချို့ရဲ့ လက်ချက် ဖြစ်တယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကိုခရာဂျာ ခရိုင်မှာ ဖြစ်ပွားတဲ့ အဲဒီ တိုက်ခိုက်မှု အတွင်း လုံခြုံရေးတွေနဲ့ အပြန်အလှန် ပစ်ခတ်ကြပြီးနောက် သူပုန် တစ်ဦးကို အသေ ဖမ်းမိတယ်လို့ သတင်းတွေက ဆိုပါတယ်။

NDFB အဖွဲ့ဟာ ဘိုဒို လူမျိုးစုတွေ အတွက် အာသံ ပြည်နယ်ထဲက နယ်မြေ ခွဲပေးဖို့ တိုက်ခိုက်နေတဲ့ သူပုန်အဖွဲ့ ဖြစ်ပါတယ်။

ကိုခရာဂျာ မြို့ပြင်က စျေးထဲကို သူပုန် ၆ ဦးက သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့တာလို့ နယ်မြေ ရဲအရာရှိက အေပီ သတင်းဌာနကို ပြောပါတယ်။

၂၀၁၄ ခုနှစ် ကလည်း အာသံ ပြည်နယ်ထဲမှာ NDFB သူပုန်တွေ လက်ချက်နဲ့ အနည်းဆုံး လူ ၆၂ ဦး သေဆုံး ခဲ့ပါတယ်။

အာသံ ပြည်နယ်ထဲမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒါမှမဟုတ် ခွဲထွက်ခွင့် ရဖို့ လှုပ်ရှားနေတဲ့ သူပုန်တွေက တစ်ဖွဲ့မက ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ