ရီယို အိုလံပစ် ဖွင့်ပွဲအတွက် ဘရာဇီး အသင့်ပြင်

  • 5 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ရီယို အိုလံပစ် ဖွင့်ပွဲ ပြုလုပ်မယ့် မာရာကာနာ ကစားကွင်းမှာ မီးရှူးမီးပန်းတွေ စမ်းသပ်စဉ်။

ဒီကနေ့ သောကြာနေ့ နှောင်းပိုင်း၊ ရီယို ဒီ ဂျနေးရိုး မြို့မှာ ပြုလုပ်ဖို့ ရှိတဲ့ ဖွင့်ပွဲ အခမ်းအနားနဲ့ အတူ ၂၀၁၆ ရီယို အိုလံပစ် ပြိုင်ပွဲတွေ စတင်ပြီ ဆိုတာနဲ့ ဘရာဇီး နိုင်ငံသားတွေအဖို့ ပျော်ရွှင်မှုတွေ ပြန်ရလာမယ် ဆိုတာကို ယုံကြည်ကြောင်း ဘရာဇီး ယာယီ သမ္မတ မီရှဲ တမ်မာ က ပြောပါတယ်။

၂၀၁၆ ရီယို အိုလံပစ် ဖွင့်ပွဲ အခမ်းအနားကို ရီယို ဒီ ဂျနေးရိုး မြို့က မာရာကာနာ ကစားကွင်းမှာ ဒေသစံချိန် ည ၈ နာရီမှာ စတင် ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၂၀၆ နိုင်ငံက အိုလံပစ် အသင်းတွေနဲ့ အတူ၊ ဒုက္ခသည်တွေကို ကိုယ်စားပြုတဲ့ အိုလံပစ် အသင်းတစ်သင်းလည်း ပါဝင်မှာ ဖြစ်ပြီး အားကစား နည်းပေါင်း ၂၈ မျိုးမှာ ပါဝင် ယှဉ်ပြိုင်ကြမှာပါ။

ရီယို အိုလံပစ် ပွဲကြို ကာလမှာတော့ ရုရှား အိုလံပစ် အသင်းရဲ့ ဆေးစစ်ချက် လိမ်လည်မှု အရှုပ်တော်ပုံ၊ ဘရာဇီးမှာ ဖြစ်နေတဲ့ ဇီကာ ဗိုင်းရပ်စ် အရေး၊ ရီယိုမြို့က ကစားကွင်းတွေ ကိစ္စနဲ့ မြို့ လုံခြုံရေး၊ စတဲ့ အရေး ကိစ္စတွေက လွှမ်းမိုး နေခဲ့ပါတယ်။

ယာယီ သမ္မတ မီရှဲ တမ်မာ ကတော့ ဘရာဇီးမှာ စီးပွားရေးနဲ့ နိုင်ငံရေး ပြဿနာတွေ ရှိနေတဲ့ ကြားက ခုလို အိုလံပစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတာဟာ အခက်အခဲတွေ ကျော်ဖြတ်နိုင်တဲ့ ဘရာဇီးရဲ့ စွမ်းရည်ကို ပြလိုက်တာပဲလို့ ဆိုပါတယ်။

အိုလံပစ်ပွဲ လက်ခံ ကျင်းပတဲ့ ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ဆန္ဒပြသမားတွေကို တားဆီးဖို့လည်း ရီယိုမြို့မှာ လုံခြုံရေးတွေ ထူထူထဲထဲ တိုးမြှင့် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ