ရုရှား အားကစားသမား ၂၇၀ကျော် အိုလံပစ်ပြိုင်ခွင့်ရ

  • 5 ဩဂုတ် 2016
ရီယိုအိုလံပစ်မြင်ကွင်းများ
Image caption ရီယိုအိုလံပစ်မြင်ကွင်းများ

ဘရာဇီးလ်နိုင်ငံ ရီယိုအိုလံပစ် ပွဲတော်ကြီးမှာ တားမြစ်ဆေး သုံးစွဲတဲ့ ပြဿနာကြောင့် ရုရှားအား ကစားသမား အချို့ စိစစ်ခံနေရပါတယ်။ ရီယို၂၀၁၆ အိုလံပစ်မှာ ရုရှားအသင်းက အသန့်ရှင်းဆုံး အသင်းအဖြစ် ပါဝင် ယှဉ်ပြိုင်မယ်လို့ ရုရှား အိုလံပစ် ကော်မတီဥက္ကဌ အလက်ဇင်ဒါ ဇူးကော့က ပြောပါတယ်။

ကမ္ဘာ့ တားမြစ်ဆေးဆန့်ကျင်တဲ့အဖွဲ့က ရုရှားတသင်းလုံး ပိတ်ပင်သင့်တယ်လို့ ပြောပြီးတဲ့နောက် အခုအိုလံပစ် ပွဲတော်မှာ ရုရှား အားကစားသမား စုစုပေါင်း ၂၇၁ယောက် ပါဝင်ခွင့်ရပါတယ်။ စက်ဘီးသမား၃ယောက် နပမ်းသမား တယောက်နဲ့ ကနူးလှေလှော်သမား တယောက် စုစုပေါင်း ၅ယေက်တို့ကတော့ ပါဝင်ခွင့်ရမရ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတုန်းဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာ ၄နှစ်တာ အစိုးရက အားကစားမှာ တားမြစ်ဆေးသုံးတဲ့ အစီအစဉ် ဆောင်ရွက်တယ်လို့ သီးခြားလွတ်လပ်တဲ့ ကော်မရှင်က အထောက်အထား တွေ့ပြီးနောက် အိုင်အိုစီ နိုင်ငံတကာ အိုလံပစ်ကော်မတီက ရုရှား အားကစားသမားတွေ ပြိုင်ပွဲဝင်ဖို့ သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ် တခုချင်းစီက ဆုံးဖြတ်ဖို့တောင်းဆိုခဲ့ပါတယ်။ အခုအခါ အဖွဲ့ဝင် သုံးယောက်ပါ အိုင်အိုစီရဲ့ စိစစ်ရေးအဖွဲ့က သေနတ်သမား ၁၈ယောက် လက်ဝှေ့ ၁၁ယောက် ဂျူဒို ၁၁ယောက် တင်းနစ် ၈ယောက် လှေလှော် ၆ယောက် စသဖြင့် လူ၂၇၀ကျော် စိစစ်ခွင့်ပြုခဲ့ပါတယ်။

နိုင်ငံတကာ အလေးမ အဖွဲ့ချုပ်ကတော့ ရုရှား ၈ယောက်တို့ကို ပြီးခဲ့တဲ့ အပတ်က ပယ်ချလိုက်ပြီး ဒီလိုဆောင်ရွက်ချက်ဟာ အသေအချာ စိစစ်လုပ်ဆောင်တာ ဖြစ်တယ်လို့ စီအေအက်စ် အားကစား သမာဓိခုံရုံးက ပြောပါတယ်။ ဘရားဇီးမှာ လုပ်တဲ့ကြားနာမှု အတွင်းရုရှား လှေလှော်သမား ၁၇ယောက်လည်း အပယ်ခံရပါတယ်။ အခုအချိန်အထိ အားကစားသမာဓိခုံအဖွဲ့က အမှု၁၈ခုကိုနာကြားပြီး ဖြစ်ပါတယ်။

တားမြစ်ဆေး သုံးမှုနဲ့ ပိတ်ပင်ခံရတဲ့ ရုရှားအားကစား မှန်သမျှ ရီယိုအိုလံပစ်မှာ ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ အခုအခါ ရုရှားပြေးခုန်ပစ် အားကစား သမားတွေကို ပါဝင်ခွင့် တားမြစ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ