တောင်အာဖရိက ANC ပါတီ မဲရရှိမှု အထူး ကျဆင်း

  • 5 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် MARCO LONGARI
Image caption အပါသိုက် ကာလ အဆုံးသတ်ချိန် နောက်ပိုင်း ရွေးကောက်ပွဲတွေမှာ ANC က မဲ ၆၀ ရာနှုန်းကျော် ပုံမှန် ရရှိခဲ့။

တောင်အာဖရိကမှာ ပြုလုပ်တဲ့ မြူနီစီပယ် ရွေးကောက်ပွဲတွေရဲ့ နောက်ဆုံး ရလဒ်တွေ အရ လက်ရှိ အာဏာရ ပါတီဖြစ်တဲ့ အာဖရိက အမျိုးသား ကွန်ကရက် ANC ပါတီ ရဲ့ မဲရရှိမှု အနေအထားဟာ အပါသိုက် ကာလ အဆုံးသတ်ခဲ့တဲ့ ၁၉၉၄ နောက်ပိုင်း အဆိုးဆုံး အခြေအနေနဲ့ ကြုံနေရပါတယ်။

မဲရေတွက်မှု ၉၂ ရာနှုန်း ပြီးစီးချိန်မှာ ANC ပါတီက အဓိက အရေးပါတဲ့ နယ်မြေဖြစ်တဲ့ နယ်ဆင် မန်ဒဲလား ဘေး Nelson Mandela Bay ဒေသမှာ ပြိုင်ဘက် ပါတီဖြစ်တဲ့ ဒီမိုကရက်တစ် မဟာမိတ်များ ပါတီ DA ကို ရှုံးနိမ့်ခဲ့ပါတယ်။

ဒါ့အပြင် ဂျိုဟန် နက်စ်ဘာ့ဂ်နဲ့ မြို့တော် ပရီတိုးရီးယား တို့မှာလည်း ANC ပါတီဟာ ပြိုင်ဘက် DA ပါတီနဲ့ သူမသာ ကိုယ်မသာ ရှိနေပါတယ်။

ဒါပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာမှာတော့ ANC ပါတီက မဲရရှိမှု ၅၄ ရာနှုန်းနဲ့ အသာစီး ရနေဆဲ ဖြစ်ပါတယ်။

ANC ပါတီဟာ အပါသိုက် လို့ခေါ်တဲ့ အသားအရောင်အရ ခွဲခြား အုပ်ချုပ်တဲ့ စနစ် အဆုံးသတ်ခဲ့ချိန် ၁၉၉၄ ခုနှစ် ကတည်းက နောက်ပိုင်း ပြုလုပ်တဲ့ ရွေးကောက်ပွဲ အားလုံးမှာ မဲရရှိမှု ၆၀ ရာခိုင်နှုန်းကျော် ပုံမှန် ရရှိခဲ့ပါတယ်။

ဒါပေမယ့် အခုတော့ အလုပ်လက်မဲ့ ပြဿနာ တွေနဲ့အတူ သမ္မတ ဂျက်ကော့ ဇူးမားရဲ့ ခြစားမှု အရှုပ်အရှင်းတွေက ANC ပါတီ အပေါ် ထောက်ခံမှုတွေကို ထိခိုက် စေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ