ထိုင်းဖွဲ့စည်းပုံ အသစ် ဆန္ဒခံယူ

  • 7 ဩဂုတ် 2016
thailand ဓာတ်ပုံ မူပိုင် AFP
Image caption စစ်အစိုးရ ဆွဲတဲ့ ဖွဲ့စည်းပုံ မူကြမ်း ဆန္ဒခံမယ်

ထိုင်းနိုင်ငံမှာ အာဏာသိမ်း အစိုးရ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြု ဖို့ လူထုဆန္ဒခံယူပွဲ တနင်္ဂနွေနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီဖွဲ့စည်းပုံက နိုင်ငံရေးသမားတွေ အကျပ်အတည်း ဖြစ်အောင် ချုပ်နှောင်ထားမှုတွေ ရှိတာကြောင့် ဖွဲ့စည်းပုံကို လက်မခံဘူးလို့ နိုင်ငံရေးပါတီကြီး တွေက ခေါင်းဆောင်တွေက ပြောပါတယ်။

အခု ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံမှာ စစ်တပ် အာဏာသိမ်းအဖွဲ့က အနည်းဆုံး နောက် ၅ နှစ် ဆက်လက်ရှိဦးမှာ ဖြစ်ပြီး နိုင်ငံရေး ဦးဆောင်မှုမှာ ပါဝင် ပတ်သက်နေဦးမှာ ဖြစ်ပါတယ်။

ဒီဖွဲ့စည်းပုံအရ အောက်လွှတ်တော်အမတ် ၅ဝဝ ကို ရွေးကောက်ပွဲကနေ ရွေးချယ်မှာဖြစ်တယ်။ ပါတီတခုခုက အောက်လွှတ်တော် အမတ် တောင်ပြိုကမ်းပြို မနိုင်နိုင်အောင်လည်း ကန့်သတ်မှုတွေ ရှိနေပါတယ်။

အထက်လွှတ်တော် အမတ် ၂ဝဝ ကတော့ အာဏာသိမ်းအဖွဲ့က ရွေးချယ်တင်မြှောက်မှာ ဖြစ်ပါတယ်။ အထက်လွှတ်တော်အမတ်တွေဟာ နိုင်ငံရေးပါတီ ဝင်တွေမဟုတ်ရသလို အောက်လွှတ်တော် အမတ်ရဲ့ မိသားစုဝင်လည်း မဖြစ်ရပါဘူး။

ဓာတ်ပုံ မူပိုင် Reuters
Image caption ၂ဝ၁၇ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ဗိုလ်ချုပ်ကြီး ကျန်းအိုးချား ပြော

အထက်လွှတ်တော် အမတ်တွေက အစိုးရအဖွဲ့ကို ဦးဆောင်မယ့် ဝန်ကြီးချုပ်ကို ရွေးချယ်ခွင့် ပေးထားတယ်။ ဒီဖွဲ့စည်းပုံအရ အစိုးရသစ်ဟာ အထက် လွှတ်တော်အမတ်တွေက လက်ခံမှ အစိုးရ ဖြစ်လာမယ့် သဘော ရှိပါတယ်။

အခု ဖွဲ့စည်းပုံကို နိုင်ငံပါတီတွေက လက်မခံနိုင်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ဖရာ့ပုတ်ကလောက် တက္ကသိုလ် ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု သုတေသန ဌာနမှူး အငြိမ်းစား ဗိုလ်ချုပ်ကြီး အေ့က်ချိုင်း စီဝိလာတ်စ်က အခုလို ပြောပါတယ် ။

နိုင်ငံရေးပါတီတွေ စိုးရိမ်တဲ့နောက်ဆက်တွဲ မေးခွန်းတွေ ရှိနေပါတယ်။

အထက်လွှတ်တော် အမတ်တွေက ဝန်ကြီးချုပ်ကို ရွေးခွင့်ရှိတာရယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးတို့လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေကို လုပ်ပိုင်ခွင့် ပေးထားတာ များလွန်းတယ်။

တိုင်းပြည်အတွင်း နိုင်ငံရေးအကျပ်အတည်း ဖြစ်လာရင် တရားသူကြီးချုပ်တွေက ဝင်ရောက်ဖြေရှင်းခွင့် ပေးထားတယ်။

ဝန်ကြီးချုပ်က လွှတ်တော်အမတ် မဟုတ်သူလည်း လုပ်လို့ရတယ်။ ပြီးခဲ့တဲ့ ကာလကလို နိုင်ငံတော် ဘဏ္ဍာငွေ သုံးပြီး မဲရဖို့ လူထုအကြိုက် မူဝါဒတွေ လုပ်လို့မရအောင် တားထားတယ်။

အစိုးရရဲ့ အဂတိ လိုက်စားမှုကိုလည်း ထိန်းကျောင်း ထားတယ်။ အများပြည်သူအတွက် နိုင်ငံတော် မူဝါဒချမှတ်ရေး ကော်မရှင် တရပ်ကိုလည်း ဖွဲ့စည်း ဆောင်ရွက်ဖို့ပါတယ်။

ဒီတော့ နိုင်ငံရေးသမား တွေက မူဝါဒတွေ ချမှတ်လို့ မရတော့ဘဲ လက်ရှိအစိုးရ ဝန်ထမ်းတွေလိုပဲ အကောင်အထည် ဖော်တဲ့အဆင့် ဖြစ်သွားမယ်။

ဒီလိုအချက်တွေကြောင့် နိုင်ငံရေးသမားတွေက ဖွဲ့စည်းပုံကို လက်မခံနိုင်ဘူး လို့ ပြောနေတာလို့ ပြောသွားပါတယ်။

ဒီဖွဲ့စည်းပုံမှာ ပြုပြင်ပြောင်းလဲရေး ၁၀ ခုလုပ်ဖို့သတ်မှတ်ထားတယ်။ ဥပဒေတွေပြင်ဖို့ ၊ကျန်းမာရေး၊ ပညာရေး ၊ စီးပွားရေး အစရှိတဲ့ ၁ဝ ချက်ဖြစ်ပါတယ်။

အဖွဲ့စည်းပုံ လူထုဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ သန်း ၅ဝ ကျော်ရှိပြီး မဲပေးသူ တဝက်ကျော်မှ အတည်ဖြစ်မှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အတည်ဖြစ်ဖြစ် မဖြစ်ဖြစ် လာမယ့် ၂ဝ၁၇ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ကျန်းအိုးချားက ပြောကြားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ