ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန် တရားစွဲ ခံရ

  • 9 ဩဂုတ် 2016
_clinton_benghazi_
Image caption ဘင်ဂါဇီ မြို့ အမေရိကန် ကောင်စစ်ဝန် ရုံး အတိုက်အခိုက် ခံခဲ့ရမှု အတွက် မစ္စစ် ကလင်တန် မှာ တာဝန် ရှိတယ် လို့ စွပ်စွဲနေ။

လစ်ဗျား နိုင်ငံမှာ လွန်ခဲ့တဲ့ လေးနှစ်က အသတ်ခံ ခဲ့ရတဲ့ အမေရိကန် နှစ်ဦးရဲ့ မိဘ တွေက ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန် ကို တရားစွဲ လိုက်ပါတယ်။

လစ်ဗျား နိုင်ငံ ဘင်ဂါဇီ မြို့မှာ ရှိတဲ့ အမေရိကန် သံတမန် အဆောက်အဦ ဝင်း အတိုက်အခိုက် ခံခဲ့ရမှု အတွင်း သေဆုံး ခဲ့တဲ့ ရှောင် စမစ်နဲ့ ထိုင်ရွန် ဝုဒ်စ် တို့ရဲ့ မိဘ တွေက သူတို့ သားတွေ သေဆုံးမှုမှာ အဲဒီ့ အချိန်က နိုင်ငံခြားရေး ဝန်ကြီးဖြစ်တဲ့ မစ္စစ် ကလင်တန် မှာ တာဝန် ရှိတယ် လို့ ပြောပါတယ်။

ဒါ့အပြင် မစ္စစ် ကလင်တန် နိုင်ငံခြားရေး ဝန်ကြီး ဘဝနဲ့ အစိုးရ ရုံးကိစ္စ တွေကို ကိုယ်ပိုင် အီးမေးလ် အသုံးပြုပြီး စာပေး စာယူတွေ လုပ်ခဲ့တဲ့ အပြုအမူ ဟာလည်း သူတို့ သားတွေ သေဆုံးဖို့ အထိ ဖြစ်လာ ရတဲ့ အကြောင်း အရင်းခံထဲ ပါဝင်နေတယ် လို့ မိဘ တွေ ဖြစ်တဲ့ ပက်ထရစ်ရှာ စမစ် နဲ့ ချားလ်စ် ဝုဒ်စ် တို့က ပြောနေပါတယ်။

မစ္စစ် ကလင်တန်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က တော့ အဲဒီ့ စွပ်စွဲမှု တွေ ကို ငြင်းပယ် လိုက်ပါတယ်။

ဘင်ဂါဇီ သံရုံး တိုက်ခိုက် ခံရမှုနဲ့ အီးမေးလ် ကိစ္စ တွေ နဲ့ ပတ်သက်ပြီး မစ္စစ် ကလင်တန် အနေနဲ့ အမှားအယွင်း တစုံတရာ ကျုးလွန်ခြင်း မရှိခဲ့ ကြောင်း အတိုက်အခံ ရီပတ်ဘလစ်ကင် တွေ ရဲ့ လွှတ်တော် ကော်မတီ က ဆုံးဖြတ် ထားနှင့်ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ့ ကိစ္စချင်းရာ တွေဟာ အခုလို သမ္မတ လောင်း အနေနဲ့ မဲဆွယ်ပွဲ ကာလ မှာ လက်ညှိုးထိုး ထောက်ပြ စရာ တွေ အဖြစ် ဆက်လက် ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ