၁၆ နှစ်ကြာ အစာငတ်ခံ ဆန္ဒပြမှုကို ရပ်ဆိုင်း

  • 9 ဩဂုတ် 2016
Image caption ရှာမီလာဟာ စစ်တပ်ကို အာဏာကုန် ပေးထားတဲ့ ဥပဒေကို ဆန့်ကျင် ဆန္ဒပြနေတာ ဖြစ်။

အိန္ဒိယ နိုင်ငံမှာ ၁၆ နှစ်ကြာအောင် အစာငတ်ခံ ဆန္ဒပြနေခဲ့သူ အမျိုးသမီး တစ်ယောက်က ဆန္ဒပြမှုကို အဆုံးသတ် လိုက်ပြီး နိုင်ငံရေးမှာ ပါဝင် လာတော့မှာ ဖြစ်ပါတယ်။

Irom Sharmila ဆိုတဲ့ အဲဒီ အမျိုးသမီးက လာမယ့် ရွေးကောက်ပွဲမှာ သူ ပါဝင် ယှဉ်ပြိုင်လိုတယ်လို့ အိန္ဒိယ အရှေ့ မြောက်ပိုင်း မဏိပူရ ပြည်နယ် တရားရုံးမှာ ပြောခဲ့ပါတယ်။

ရှာမီလာဟာ ၂၀၀၀ ပြည့်နှစ်က စတင် အစာငတ်ခံ ဆန္ဒပြခဲ့တာ ဖြစ်ပြီး၊ အဲဒီနောက် မကြာမီမှာပဲ သူ့ကို သေကြောင်း ကြံစည်မှုနဲ့ စွဲချက်တင် ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် သူ့ကို နှာခေါင်း ပိုက်ကတဆင့် အတင်း အဓမ္မ အစာသွင်း ပေးနေခဲ့တာပါ။

သူဟာ ပုန်ကန် ထကြွမှုတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ အိန္ဒိယ စစ်တပ်ကို အာဏာတွေ သိမ်းကြုံး ပေးထားတဲ့ အငြင်းပွားဖွယ် ဥပဒေ တစ်ရပ်ကို ပယ်ဖျက်ဖို့ လှုပ်ရှားမှု အဖြစ် အဲဒီလို အစာငတ်ခံ ဆန္ဒ ပြခဲ့တာ ဖြစ်ပါတယ်။

ရှာမီလာကို မဏိပူရ ပြည်နယ် တရားရုံးက အာမခံနဲ့ ပြန်လွှတ် ပေးခဲ့ပါတယ်။

ဆေးရုံမှာ သူက အစာငတ်ခံ ဆန္ဒပြတာကို ရပ်ဆိုင်းတဲ့ သဘောအဖြစ် သတင်းထောက်တွေ ရှေ့မှာ ပျားရည်ကို လျက်ပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ