တရုတ်နဲ့ ဆက်ဆံရေး ဆိုးရွားလာပြီဟု ဂျပန်ပြော

  • 9 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ် သင်္ဘောတွေ ချက်ချင်း ထွက်သွားဖို့ တောင်းဆိုခဲ့တယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကူမီယို ကီရှီဒါက ပြော။

အရှေ့တရုတ် ပင်လယ်က အငြင်းပွား ရေပြင်ထဲ တရုတ် သင်္ဘောတွေ ထပ်တလဲလဲ ဖြတ်သန်း ဝင်ရောက် ခဲ့ပြီးနောက် ဂျပန် နိုင်ငံက သူတို့နဲ့ တရုတ် အကြား ဆက်ဆံရေး သိသိသာသာ ဆိုးရွား ပျက်ယွင်းလာခဲ့ပြီလို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက သတိပေး လိုက်ပါတယ်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကူမီယို ကီရှီဒါက သူ့ အခေါ် "ကျူးကျော် ဝင်ရောက်မှု" တွေကို ကန့်ကွက်ဖို့ တရုတ် သံအမတ်ကို ဆင့်ခေါ်ခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က တရုတ် ငါးဖမ်းသင်္ဘော အစီး ၂၃၀ လောက်နဲ့ တရုတ် ကမ်းစောင့် သင်္ဘောတွေဟာ တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံ ပိုင်နက် အငြင်းပွားနေတဲ့ ကျွန်းတွေ အနီးကို ဖြတ်သန်း ခဲ့ကြပါတယ်။

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရေပြင် ဧရိယာတွေကို တရုတ်က သူတို့ ပိုင်တယ်လို့ ပြောပြီး အခုလို ပြောင်ပြောင်တင်းတင်း ပြုမူ လုပ်ဆောင်မှုတွေ တိုးပွားလာနေတာ ဖြစ်ပါတယ်။

ဂျပန်က ထိန်းချုပ်ထားတဲ့ လူမနေတဲ့ ကျွန်းစုတွေ ဖြစ်တဲ့ ဂျပန် အခေါ် "ဆင်ကာကူ"၊ တရုတ် အခေါ် "ဒရောင်ယူ" ကျွန်းစုတွေဟာ တရုတ်နဲ့ ဂျပန်အကြား အတန်ကြာကတည်းက သူပိုင်ကိုယ်ပိုင် အငြင်းပွား နေခဲ့တဲ့ ကျွန်းစုတွေ ဖြစ်ပါတယ်။

တနင်္လာနေ့က ပုံမှန်ထက် အရေအတွက် ပိုများတဲ့ တရုတ် ကမ်းစောင့် သင်္ဘော ၁၃ စီးလောက်ကို အဲဒီ ကျွန်းစုတွေ အနီးမှာ တွေ့ခဲ့ရတယ်လို့ ဂျပန် ကမ်းစောင့်တပ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ