အလက်ပိုမှာ ရေပြတ်၊ ကလေးတွေ အန္တရာယ်ကြုံ

  • 9 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AFP

ဆီးရီးယား နိုင်ငံ၊ အလက်ပိုမြို့မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ရေပြတ်လပ်မှုနဲ့ ကြုံနေရတဲ့အတွက် ချက်ချင်း မပြင်ဆင်နိုင်ရင် အဲဒီ မြို့က ကလေးငယ်တွေ ရောဂါဘေးနဲ့ ကြုံရမယ့် အန္တရာယ် ရှိနေတယ်လို့ ကုလ သမဂ္ဂက ပြောလိုက်ပါတယ်။

သောက်သုံးရေနဲ့ လျှပ်စစ်မီး လိုင်းတွေ ပြန်ပြင် နိုင်ဖို့အတွက် တိုက်ပွဲတွေ ချက်ချင်း ရပ်ဖို့ လိုနေတယ် လို့လည်း ကုလ သမဂ္ဂက ပြောပါတယ်။

အလက်ပိုမှာ ရှိတဲ့ လူ ၂ သန်းလောက်ဟာ မရှိမဖြစ်တဲ့ ရေနဲ့ လျှပ်စစ်မီးကို လိုအပ်နေတယ်လို့ ကုလ သမဂ္ဂက ဆိုပါတယ်။

အခု သီတင်းပတ်တွေ အတွင်းမှာ ဆီးရီးယား အစိုးရ တပ်တွေနဲ့ သူပုန်တွေ အကြား တိုက်ပွဲတွေ ပြင်းထန် လာနေခဲ့ပါတယ်။

အလက်ပို မြို့ အရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ ပိတ်မိနေသူပေါင်း အနည်းဆုံး ၂သိန်းခွဲ ရှိတယ်လို့ ယုံကြည်ရပါတယ်။

အစိုးရ တပ်တွေ ထိန်းချုပ်ထားတဲ့ အလက်ပိုမြို့ အနောက်ပိုင်းကို ဝင်ရောက်ရာ လမ်းကြောင်းကို တနင်္ဂနွေနေ့က သူပုန်တွေက ဖြတ်တောက် ခဲ့ပါတယ်။

အဲဒီ နောက်ပိုင်း အစိုးရ တိုက်လေယာဉ်တွေက သူပုန် ပစ်မှတ်တွေကို အပြင်းအထန် ဗုံးကြဲ တိုက်ခိုက် နေခဲ့ပါတယ်။ မြို့ကို သိမ်းနိုင်ဖို့ အစိုးရနဲ့ သူပုန် နှစ်ဘက်စလုံးက တပ်ကူတွေ ဖြည့်ပြီး ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ