ဆက်ဆံရေး ပြန်စဖို့ တူရကီ သမ္မတ ရုရှား ရောက်ရှိ

  • 9 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် EPA
Image caption လပေါင်း အတန်ကြာ ရန်စောင် နေခဲ့ကြပြီးနောက် နွေးနွေးထွေးထွေး ပြန်နှုတ်ဆက်ခဲ့ကြ။

တူရကီ သမ္မတ အာဒိုဂန်ဟာ ရုရှားနဲ့ ဆက်ဆံရေး ပြန်စဖို့ မျှော်လင့်ချက်နဲ့ စိန့် ပီတာစ်ဘာ့ဂ် မြို့ကို ရောက်ရှိနေပြီး ရုရှား သမ္မတ ပူတင်နဲ့ တွေ့ဆုံ ဆွေးနွေး နေပါတယ်။

ရုရှား သမ္မတ ပူတင်က ရုရှား အနေနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ တူရကီနဲ့ ပြန်လုပ်ဖို့ အသင့်ပဲလို့ စိန့်ပီတာစ်ဘာ့ဂ် မြို့မှာ တွေ့ဆုံစဉ် မစ္စတာ အာဒိုဂန်ကို ပြောခဲ့ပါတယ်။

မစ္စတာ အာဒိုဂန်ရဲ့ အခု ခရီးစဉ်ဟာ တူရကီမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကတော့ ရုရှား တိုက်လေယာဉ် တစင်းကို တူရကီက ဆီးရီးယား နယ်စပ်မှာ ပစ်ချ ခဲ့တဲ့အတွက် နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွား ပျက်ယွင်းခဲ့ပါတယ်။

တူရကီ အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့မှုမှာ ပါဝင်ခဲ့တယ်လို့ သံသယ ရှိသူတွေအပေါ် တူရကီ အစိုးရက ဖြိုခွင်း ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အေးစက်လာချိန်မှာ အခုလို တူရကီ သမ္မတ ရုရှားကို သွားရောက်တဲ့ ခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လက ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှု နောက်ပိုင်း အခုချိန်အထိ လူပေါင်း ၂ သောင်း ၆ ထောင်ကျော်ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့တယ်လို့ တူရကီ တရားရေး ဝန်ကြီးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ