ကလေးတွေကို မတော်မတရားလုပ်မှု စုံစမ်းမယ်လို့ သြစတြေးလျ ဝန်ကြီးချုပ်ပြော

  • 10 ဩဂုတ် 2016
သြစတြေးလျ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ဓာတ်ပုံ မူပိုင် 1
Image caption သြစတြေးလျ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း

သြစတြေးလျနိုင်ငံက ထူထောင်ထားတဲ့ နာရူးကျွန်းပေါ်က လူဝင်မှု ကြီးကြပ်ရေး စခန်းတွေမှာ ကလေးတွေကို မတော်မတရား ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေး သွားမယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် Malcolm Turnbullက ပြောသွားပါတယ်။

စခန်းတွေမှာ ကလေးတွေဟာ လိင်ပိုင်းစော်ကားခံရမှု တိုက်ခိုက်ခံရမှု စိတ်ဖိစီးမှုတွေကြောင့် ကိုယ့်ကိုယ်ကို ပြန်ရန်ရှာရတဲ့အထိ ဒုက္ခရောက်နေကြောင်း ပေါက်ကြားလာတဲ့ စာရွက် ၂၀၀၀ကျော်ကို ဖတ်ရှုရတယ်လို့ ဗြိတိန်ရှိ ဂါးဒီးယန်း သတင်းစာကြီးက စွပ်စွဲပြောကြားပါတယ်။

ဒီသတင်းရေးရာမှာ ပါဝင်တဲ့ဂါဒီယန်း သတင်းထောက် Helen Davidsonက အရင်ကလည်း ဒီလိုကိစ္စတွေပေါ်ဘူးပေမယ့် အခုအခါ အစော်ကားခံရတဲ့ ကလေးအရေအတွက် အလွန်များတာကိုကြည့်ပြီး တုန်လှုပ်ချောက်ခြားသလို အစိုးရဘက်က တာဝန်မယူတဲ့ အပေါ်မှာလည်းလူထုက စိတ်ဆိုးနေကြတယ်လို့ ပြောပါတယ်။

အဲဒီစာရွက်စာတမ်းတွေဟာ စွပ်စွဲချက်တွေ ဖြစ်ပြီး မတော်မတရားလုပ်တဲ့ အထောက်အထား မတွေ့ရဘူးလို့ အစိုးရအထက်တန်း ဝန်ကြီးတယောက်က ပြောပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂ ကလေးသူငယ် ရံပုံငွေအဖွဲ့က သြစတြေးလျ အနေနဲ့ ကျွန်းတွေပေါ်မှာ လူတွေကို ထိန်းသိမ်းထားတဲ့ စခန်းတွေ ဖျက်သိမ်းပြီး ခိုလှုံခွင့်တောင်းတဲ့ ဒုက္ခသည်တွေကို အခြေချနိုင်အောင် အတည်တကျ ပြုလုပ်ပေးဖို့ တောင်းဆို ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ