အလက်ပိုမှာ အဆိပ်ငွေ့နဲ့ တိုက်ခိုက်မှု ကုလ စုံစမ်း

  • 11 ဩဂုတ် 2016
Image caption ယောက်ျား၊ မိန်းမနဲ့ ကလေးတွေကို အောက်ဆီဂျင် ပေးထားရတဲ့ ပုံတွေကို တွေ့ရ။

ဆီးရီးယား နိုင်ငံ၊ အလက်ပို မြို့က သူပုန်တွေ ထိန်းချုပ်ရာ နယ်မြေထဲမှာ ဓာတု အဆိပ်ငွေ့နဲ့ တိုက်ခိုက်ခံရတဲ့ အထောက်အထားတွေ တွေ့ရတဲ့အတွက် ကုလ သမဂ္ဂက စုံစမ်း စစ်ဆေး နေပါတယ်။

ဆီးရီးယား အစိုးရ တပ်တွေက ကလိုရင်း အဆိပ်ငွေ့နဲ့ တိုက်ခိုက် ခဲ့တာလို့ သူပုန်တွေ ဘက်က ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် ၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

တကယ်လို့ ကလိုရင်း အဆိပ်ငွေ့နဲ့ တိုက်ခိုက်တယ် ဆိုတာ အတည်ပြုနိုင်ခဲ့ရင် စစ်ရာဇဝတ်မှု မြောက်သွား လိမ့်မယ်လို့ ဆီးရီးယား ဆိုင်ရာ ကုလ သမဂ္ဂ အထူး သံတမန်က ပြောပါတယ်။

ဘီဘီစီက ရရှိတဲ့ ရုပ်သံ မှတ်တမ်းတွေထဲမှာ ခက်ခက်ခဲခဲ အသက်ရှူနေရတဲ့ လူအချို့ ဆေးရုံမှာ ကုသ ခံနေရတာကို တွေ့ရပါတယ်။

ကုလ သမဂ္ဂ အထူး သံတမန် Staffan de Mistura က ကလိုရင်း လို့ ယုံကြည်ရတဲ့ အဆိပ်ငွေ့ အသုံးပြု တိုက်ခိုက်တဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ကုလ သမဂ္ဂက စုံစမ်း စစ်ဆေးနေတယ်လို့ အတည်ပြု ပြောဆိုပါတယ်။

ကလိုရင်း အဆိပ်ငွေ့ကို စည်ပိုင်းဗုံးတွေမှာ ထည့်ပြီး ကြဲချခဲ့တယ်လို့ ယူဆရကြောင်း ပရဟိတ အဖွဲ့ ဖြစ်တဲ့ ဆီးရီးယား အရပ်ဘက် ကာကွယ်ရေး အဖွဲ့က ပြောပါတယ်။

အလက်ပို မြို့မှာ အစိုးရ တပ်တွေ ထိန်းချုပ်တဲ့ မြို့ အနောက်ဘက်ကို ဝင်ရောက်ရာ အဓိက လမ်းကြောင်းကို သူပုန်တွေက ဖြတ်တောက် ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန် လာနေပါတယ်။

အစောပိုင်းကတော့ မြို့မှာ ပိတ်မိနေသူတွေ အတွက် ထောက်ပံ့ရေး အကူအညီတွေ ပေးနိုင်ဖို့ အတွက် ၃ နာရီကြာ အပစ်အခတ် ရပ်ဆိုင်း ပေးထားခဲ့တယ်လို့ ဆီးရီးယား အစိုးရကို ကူညီနေတဲ့ ရုရှား စစ်တပ်က ပြောပါတယ်။

ကုလ သမဂ္ဂ ကတော့ အလက်ပိုမြို့က သိန်းနဲ့ချီတဲ့ လူတွေကို ထောက်ပံ့နိုင်ဖို့အတွက် နေ့စဉ် အပစ်ရပ်ချိန် ၃ နာရီဟာ တိုတောင်းလွန်း နေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ