ထိုင်းနိုင်ငံက ဆက်တိုက် ဗုံးကွဲမှုတွေကြောင့် လူ ၄ ဦး သေဆုံး

  • 12 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် REUTERS
Image caption နာမည်ကျော် ဟွာဟင်း ကမ်းခြေမြို့မှာ ၂၄ နာရီ အတွင်း ဗုံးပေါက် ကွဲမှု လေးကြိမ် ဖြစ်ပွား

ထိုင်း နိုင်ငံက ကမ္ဘာလှည့် ခရီးသည်တွေ အသွားအလာ များတဲ့ နေရာတွေမှာ ဆက်တိုက် ဗုံးပေါက်ကွဲမှု တွေ ဖြစ်ပွား ခဲ့တာကြောင့် လူ ၄ ဦး သေဆုံး ခဲ့ရပြီး လူအများအပြားလည်း ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

နောက်ထပ် နေရာ အတော်များများ မှာလည်း ပေါက်ကွဲမှုတွေ ရှိနေကြောင်း သတင်းပေးပို့ချက်တွေ အရ သိရပါတယ်။

ထိုင်း ဘုရင် စံမြန်းတဲ့ နာမည်ကျော် ဟွာဟင်း ကမ်းခြေမြို့မှာ ၂၄ နာရီ အတွင်း ဗုံးပေါက် ကွဲမှု လေးကြိမ် ဖြစ်ပွား ခဲ့ပြီး ဖူးခက်ကျွန်း မှာလည်း ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပါတယ်။

လောလောဆယ်မှာတော့ ဗုံးခွဲမှု ရဲ့ လက်သည် တရားခံ တွေကို ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေမယ့် ထိုင်း တာဝန်ရှိသူ တွေဟာ နိုင်ငံ တောင်ပိုင်း က ခွဲထွက်ရေး သမားတွေကို သံသယ ရှိနေကြပါတယ်။

နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတွေ ရဲ့ တိုက်ခိုက်မှု မဟုတ်ဘူးလို့ ထိုင်း ရဲတပ်ဖွဲ့က ငြင်းဆို ထားပြီး နိုင်ငံ တောင်ပိုင်း ခွဲထွက်ရေး သမား တွေ နဲ့ ဆက်စပ်မှု ရှိမရှိ မသိရသေးဘူးလို့ ပြောပါတယ်။

အရင်တုန်း က ခွဲထွက်ရေး သမားတွေဟာ ထိုင်း နိုင်ငံကို လာရောက်တဲ့ ခရီးသည်တွေကို တိုက်ခိုက်လေ့ မရှိဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အကယ်၍ အခု ဖောက်ခွဲမှုတွေကို ခွဲထွက်ရေးသမားတွေက လုပ်ဆောင် ခဲ့ကြတာ ဆိုရင်တော့ ထိုင်း တာဝန်ရှိသူတွေက နည်းဗျူဟာမြောက် ဖြိုခွဲမှု တွေ လုပ်လာနိုင်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ၁၂ နှစ်ကျော်ကြာ ခွဲထွက်ရေးသမားတွေနဲ့ အငြင်းပွား တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ခြောက်ထောင် ကျော် သေဆုံး ခဲ့ရပြီးလည်း ဖြစ်ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာတွေ ကတော့ ဟွာဟင်း ကမ်းခြေမြို့မှာ ဗုံးပေါက်ကွဲမှု ၄ ကြိမ်၊ ဆူရတ် ဌာနီ ဒေသမှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်၊ ဖူးခက်ကျွန်းက ပတောင် မြို့မှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်၊ ထရန် မြို့မှာ ဗုံးပေါက်ကွဲမှု ၁ ကြိမ် နဲ့ဖန်င ခရိုင် ထဲမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွား ခဲ့ပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဒေသကို သွားရောက် လည်ပတ်ခြင်း မပြုကြဖို့ နိုင်ငံတကာ သံရုံးတွေက သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ