နိုင်ဂျီးရီးယား မှ ပြန်ပေးဆွဲခံ ကျောင်းသူလေးများ

  • 14 ဩဂုတ် 2016
boko_haram_64 ဓာတ်ပုံ မူပိုင် AFP
Image caption ဘိုကိုဟာရမ် သူပုန် အဖွဲ့

ပြီးခဲ့တဲ့ ၂၀၁၄ ခု နှစ်တုန်း က နိုင်ဂျီးရီးယား နိုင်ငံ ချီဘို့ မြို့ မှ ကျောင်းသူလေး ပေါင်း ၂၀၀ ကျော် ကို ဘိုကိုဟာရမ် သူပုန် အဖွဲ့ က ပြန်ပေး ဆွဲပြီးတဲ့ နောက် မှာ အစိုးရ တပ် က ကျောင်းသူလေး တွေ ပြန်လည် လွတ်မြောက် အောင် သူပုန်နယ်မြေထဲ တောနင်းရှာသလို လေကြောင်းကနေ သူပုန်စခန်းတွေ ရှိရာ တိုက်ခိုက်ပေမဲ့ လည်း မအောင်မြင်ခဲ့ပါ။ ဒီကိစ္စ နဲ့ ပတ်သက်ပြီး နိုင်ဂျီးယား အစိုးရ လည်း နိုင်ငံတကာ က ဖိအားပေးတာတွေ ကျောင်းသူ လေးတွေ ရဲ့ မိဖ တွေ နဲ့ ပြည်သူတွေ ဘက် က မကျေနပ်သံ တွေ ထွက်နေ ခဲ့တာပါ။

အခုတခါ ဘိုကိုဟာရမ် တွေ ဘက် က ဗွီဒီယို အခွေ ထုတ်ဝေ လိုက်တဲ့ အခါ မှာ ကျောင်းသူ မိန်းခလေး ၅၀ အရှေ့ မှာ မျက်နှာဖုံးစွပ် ဘိုကိုဟာရမ် စစ်သား က ရပ်နေပြီး အမျိုးသမီး ငယ်လေးတွေ က ခေါင်းစီးပုဝါတွေ နဲ့ ဝတ်ရုံရှည်တွေ နဲ့ ပုံတွေ ရိုက်ကူး ပြထား တာပါ။ အဆိုပါ မျက်နှာ ဖုံးထားသူ က နိုင်ဂျီးယား အစိုးရ ရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း မှာ ကျောင်းသူလေး တွေ အများအပြား သေဆုံးကုန်ကြောင်း ပြောသလို အမျိုးသမီးငယ်လေး တဦး ကို လည်း အစိုးရ ကို ဘာပြောချင် သေးလည်း လို့ မေးပြ ပါတယ်။ ဒီအခါ မှာ မိန်းမငယ် က သူတို့ လွတ်မြောက်ရေး အတွက် ဖမ်းထားတဲ့ ဘိုကို ဟာရမ် စစ်သားတွေ ကိုလွှတ်ပေးပြီး အလဲအလှယ် လုပ် ဖို့ ပန်ကြား လိုက်ပါတယ်။

ဒီဗွီဒီယို ဟာ ဘိုကိုဟာရမ် အဖွဲ့ ဘက်က ဝါဒဖြန့် လုပ်ကွက် ဖြစ်ပေမဲ့ မြင်ရသူတိုင်း မချိတင်ခဲ ဖြစ်ကြတဲ့ အထဲမှာ မိဖ တွေ က ပိုပြီး ရင်ထုမနာ ဖြစ် ရပါတယ်။ ဗွီဒီယိုထဲ မှာ စကားပြောတဲ့ မိုက်ဒါယာကူဘူ ရဲ့ မိခင် အက်စတာ ယာကူဘူ က သူ့သမီးဖြစ်ကြောင်း အတည်ပြုယင်း ဘီဘီစီ ကို ပြောရာ မှာ သမီးလေး ကို အသက်ရှင် လျက် တွေ့လိုက် ရတာ ဟာ ဘုရားသခင် ရဲ့ ဂုဏ်ကျေးဇူးတော် ပါ။ သမီးတို့ အတွက် ဘယ်သူ မှ ဘာမှ လုပ်မပေး နိုင်တာကို ဝမ်းနည်းစရာ ကောင်းလွန်း လို့ မိဖတွေ အနေနဲ့ အစိုးရ နဲ့ သွားတွေ့ ဖို့ မှာကြ တဲ့ အကြောင်းနဲ့ သူပုန်တွေ တောင်းဆိုသလို ဖမ်းထားတဲ့ သူတို့လူ တွေ ကို လွှတ်ပေးပြီး သမီး တို့ အိမ်ပြန်လာနိုင်အောင်၊ မိဖ ရင်ခွင်ပြန်ရောက် အောင်လုပ်ပေးကြပါ လို့ မိခင် ကို မှာတာ ကို ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ ထုတ်ပြန်တဲ့ ကြေညာချက် မှာ တော့ ဘိုကိုဟာရမ် အဖွဲ့ထဲက ဒီကိစ္စပြေလည် အောင် အမှန်တကယ် ဆောင်ရွက် ပေးနိုင်သူ ကို ရှာဖွေ နေပါတယ် လို့ ဆိုပါတယ်။ ဘိုကိုဟာရမ် အဖွဲ့ထဲ မှာ လည်း ခေါင်းဆောင်ပိုင်း နှစ်ခြမ်းကွဲ နေပြီ ဖြစ် လို့ အစိုးရ အနေ နဲ့ မိန်းမငယ်လေး တွေ လွတ်မြောက်လာရေး ကို သတိထား ကိုင်တွယ် ဆောင်ရွက် နေကြောင်း ပြန်ကြားရေး ဝန်ကြီး အယ်လ်ဟာဂျီ မိုဟာမက် က ဘီဘီစီ ကို ပြောပါတယ်။