IS တိုက်ဖျက်ရေးကို အာရုံစိုက်တဲ့ နိုင်ငံခြားရေးမူ ချမယ်လို့ ထရမ့်ပြော

  • 15 ဩဂုတ် 2016
_trump
Image caption အစွမ်းကုန် စိစစ် တင်းကြပ်ပြီးမှ အမေရိကန် ပြည်ထောင်စုထဲ ဝင်ရောက်ခွင့် ပေးမယ့် လူဝင်မှု ဆိုင်ရာ မူဝါဒလည်း ချမှတ် ပေးမယ်။

အမေရိကန် ပြည်ထောင်စုမှာ ရီပတ်ဘလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်က အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် ဝါဒ အပေါ် ဘယ်လို နှိမ်နှင်း မလဲ ဆိုတဲ့ သူ့ရဲ့ အစီအစဉ်ကို ချပြ လာပါတယ်။

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ သူသာ အနိုင် ရလာရင် အမေရိကန် ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို ချေမှုန်း နိုင်ရေး အပေါ်သာ အဓိက အာရုံစိုက် လာစေမှာ ဖြစ်တယ်လို့ မစ္စတာ ထရမ့်က ဆိုပါတယ်။

IS အဖွဲ့ ထကြွ လာတာဟာ လက်ရှိ သမ္မတ အိုဘားမားနဲ့ ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန် တို့ ချမှတ်ခဲ့တဲ့ မူဝါဒ တွေရဲ့ တိုက်ရိုက် အကျိုးဆက် ဖြစ်တယ်လို့လည်း မစ္စတာ ထရမ့်က ပြစ်တင် ဝေဖန် ခဲ့ပါတယ်။

အိုဟိုင်အို မဲဆွယ် ပွဲမှာ မစ္စတာ ထရမ့်က အခုလို ပြောကြား လာတာ ဖြစ်ပြီး၊ အစွမ်းကုန် စိစစ် တင်းကြပ်ပြီးမှ အမေရိကန် ပြည်ထောင်စုထဲ ဝင်ရောက်ခွင့် ပေးမယ့် လူဝင်မှု ဆိုင်ရာ မူဝါဒလည်း ချမှတ် ပေးမယ်လို့ မစ္စတာ ထရမ့်က ပြောဆို ခဲ့ပါတယ်။

မစ္စစ် ကလင်တန်ရဲ့ မဲဆွယ်ပွဲမှာ အတူရှိနေတဲ့ လက်ရှိ ဒုသမ္မတ ဂျိုး ဘိုင်ဒင်က တော့ ဒေါ်နယ်ထရမ့် ဟာ နိုင်ငံခြားရေး မူဝါဒ ဆိုတာ ဘာမှန်း သိသူ မဟုတ် ဆိုပြီး တုံ့ပြန် ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့် ပြောဆိုတာ တွေဟာ အမေရိကန် အတွက် ပိုလို့တောင် အန္တရာယ် ကြီးစေနှင့်ပြီး ဖြစ်တယ်လို့လည်း မစ္စတာ ဘိုင်ဒင်က ပြောပါတယ်။

ထရမ့်ဟာ နိုင်ငံတကာနဲ့ ချီတဲ့ အကြောင်းခြင်းရာ ပြဿနာတွေ ကို လေ့လာလို စိတ် ရှိသူ မဟုတ် သလို၊ အမေရိကန် သမ္မတ ဖြစ်ဖို့ အရည်အချင်း ပြည့်မှီသူ မဟုတ်ဘူး လို့လည်း မစ္စတာ ဘိုင်ဒင်က ရှုတ်ချ ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ