ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရုတ် ခရီးစဉ်က ဘာအကျိုးအမြတ် ရှိမလဲ

  • 17 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် MOI
Image caption ကာလကြာရှည် ပဋိပက္ခအဆုံးသတ်ရေးမှာ တရုတ်ရဲ့ အကူအညီရဖို့ ဒေါ်အောင်ဆန်း စုကြည် ကြိုးစား

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ် နိုင်ငံ သွားရောက်တဲ့ ၄ ရက်ကြာ ခရီးစဉ် ကို ဩဂုတ်လ ၁၇ ရက်နေ့မှာ စတင် ခဲ့ပါတယ်။

တရုတ် ခရီးစဉ် အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ ၂ နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက် ရေး ကိစ္စတွေကို ဆွေးနွေး ကြမှာပါ။

သမ္မတ ရှီကျင်ပင်း၊ ဝန်ကြီးချုပ် လီကေချန်းတို့နဲ့ တွေ့ဆုံတဲ့ အခါ မြန်မာ ပြည်သူတွေ အပြင်းအထန်ကန့်ကွက်ခဲ့တဲ့အတွက် ၂၀၁၁ ခုနှစ်က ရပ်ဆိုင်းထားခဲ့တဲ့ မြစ်ဆုံစီမံကိန်း နဲ့ပတ်သက်လို့ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ဒီ့အပြင် နှစ်နိုင်ငံ နယ်စပ်တလျှောက်လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ကာလကြာရှည် ပဋိပက္ခအဆုံးသတ်ရေးမှာ တရုတ်ရဲ့ အကူအညီရဖို့ ဒေါ်အောင်ဆန်း စုကြည် ကြိုးစားလိမ့်မယ်လို့လည်း ယူဆရပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ခရီးစဉ်မှာ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်းနဲ့ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ဦးကျော်တင်တို့ လိုက်ပါသွားကြပါတယ်။

တရုတ် နိုင်ငံ အတွင်းက သတင်းစာတွေမှာ လည်း ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဆိုတာထက် တကယ့် လက်တွေ့ ကျတဲ့ နိုင်ငံရေး သမား အဖြစ် တန်ဖိုးထားတယ် ဆိုတဲ့ သတင်းတွေ ကိုလည်း ဖော်ပြ ခဲ့ပါတယ်။

တရုတ် မြန်မာ နှစ်နိုင်ငံ မဟာဗျူဟာ မြောက် ဆက်ဆံရေး ကို တိုးမြှင့် အကောင်အထည် ဖော် နိုင်မယ့်သူ အဖြစ်လည်း သတင်းတွေမှာ ရေးသား ခဲ့ပါတယ်။

တရုတ်၊ မြန်မာ နယ်စပ် ကုန်သွယ်ရေး အခြေအနေတွေက ကတော့ မြန်မာဘက်က တင်ပို့ နေတဲ့ ဆန်၊ ပြောင်း နဲ့ သကြား ကို တရုတ်က တရားဝင် သွင်းကုန် အဖြစ် လက်မခံ ဘူးလို့ သိရပါတယ်။

မြန်မာ ကုန်သည်တွေ တင်ပို့တဲ့ ဆန်၊ ပြောင်း နဲ့ သကြား ပို့ကုန်တွေ ကို တရုတ်ဖက် က ဖမ်းဆီး မှုတွေလည်း ရှိနေပါတယ်။

ဩဂုတ်လ ၁၃ ရက်နေ့ကနေ စတင်ပြီး မြန်မာ ဘက်က ပို့တဲ့ ဆန်၊ ပြောင်း နဲ့ သကြား ကုန်ပစ္စည်းတွေ အရောင်း အဝယ် မရှိတော့ဘူး လို့ ကုန်သည် တစ်ဦး က ပြောပါတယ်။

နယ်စပ် ကုန်သွယ်မှု ကို အဓိက ထား ဆောင်ရွက်နေတဲ့ တရုတ် နဲ့ မြန်မာ နိုင်ငံ တို့ အကြားမှာ ကုန်သွယ်မှု တိုးမြှင့် ဖို့ ဆိုရင် တရုတ် ဘက်က ဖြေလျော့မှုတွေ လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

တရားမဝင် သွင်းကုန် အဖြစ် သတ်မှတ် ထားတဲ့ ဆန်၊ ပြောင်း နဲ့ သကြားတွေကို လည်း တရားဝင် သွင်းကုန် အဖြစ် သတ်မှတ် လုပ်ဆောင်သင့်ပါတယ်။

မြန်မာ့ ကုန်ကြမ်း ကို ယူသွားတဲ့ သဘောမျိုး တင် မဟုတ်ဘဲ ကုန်ချောကို ပြည်တွင်းမှာ လာရောက် ထုတ်လုပ် စေချင်တဲ့ သဘောထား မျိုးလည်း ကုန်သည် တွေက မျှော်လင့် နေပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အနေနဲ့ တရုတ် နိုင်ငံက အတတ်ပညာ နဲ့ ရင်းနှီးမြှုပ် နှံမှုတွေ ဆောင်ကျဉ်း လာနိုင်မယ်လို့ မျှော်လင့် နေသူတွေလည်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ