အိန္ဒိယမှာ စွန်ကြိုးနဲ့ ငြိမိလို့ လူ ၃ဦး သေဆုံး

  • 17 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption စွန်လွှတ်တဲ့ အလေ့အကျင့်ကို အိန္ဒိယ အနှံ့အပြားမှာ တွေ့ရ

အိန္ဒိယ နိုင်ငံမှာ လွတ်လပ်ရေးနေ့က လူတွေ စွန်လွှတ်ရာမှာ မှန်စာ တိုက်ထားတဲ့ စွန်ကြိုးတွေ လည်ပင်းမှာ ငြိမိလို့ ကလေး ၂ ဦး အပါအဝင် လူ ၃ ဦး သေဆုံး ခဲ့တယ်လို့ သိရပါတယ်။

ဒေလီမြို့မှာ အမိုးဖွင့် ကားပေါ်ကနေ ခေါင်းပြူပြီး လိုက်ပါ လာတဲ့ ၃ နှစ် အရွယ် ကလေးတစ်ဦး လည်ပင်းကို စွန်ကြိုးငြိပြီး သေဆုံးခဲ့သလို တခြား နေရာတစ်ခုမှာလည်း ၄ နှစ် အရွယ် ကလေး တစ်ဦးဟာလည်း အလားတူ အမိုးဖွင့် ကားပေါ်မှာ ခေါင်းပြူပြီး လိုက်ပါစဉ် လည်ပင်း ငြိမိပြီး သေဆုံးခဲ့ပါတယ်။

တခါ ၂၂ နှစ်အရွယ် လူငယ် တစ်ဦးကတော့ ဆိုင်ကယ် စီးလာစဉ် လည်ပင်းကို စွန်ကြိုးငြိပြီး သေဆုံးခဲ့တာပါ။

အိန္ဒိယက ပွဲတော်နေ့တွေမှာ အပျော်အဖြစ် စွန်လွှတ်ကြလေ့ ရှိပြီး၊ လွတ်လပ်ရေးနေ့ ဖြစ်တဲ့ သြဂုတ် ၁၅ ရက်နေ့မှာလည်း အပျော် စွန်တိုက်သူ အများအပြား ရှိခဲ့ပါတယ်။

စွန်လွှတ်တဲ့ လူတွေ အချင်းချင်း အပြိုင်အဆိုင် စွန်တိုက်ဖို့အတွက် မှန်စာ တိုက်ထားတဲ့ စွန်ကြိုးတွေကို သုံးတာ ဖြစ်ပေမယ့် အဲဒီ စွန်ကြိုးတွေကြောင့် အိန္ဒိယမှာ နှစ်စဉ်လိုလို သေဆုံး ဒဏ်ရာရမှုတွေ ရှိနေပါတယ်။

၂၀၁၅ ခုနှစ်ကလည်း မှန်စာတိုက်ထားတဲ့ စွန်ကြိုးကြောင့် ၅ နှစ်သား တစ်ဦး သေဆုံးခဲ့ပြီး၊ ၂၀၁၄ မှာတော့ ၅ နှစ်သမီး တစ်ယောက် သေဆုံးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ