ရီယိုမြို့ ဓါးပြမှု တကယ်မဟုတ်ဘူးလို့ ဘရာဇီးရဲပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption အဲဒီ အမေရိကန် ရေကူးသမား အုပ်စုထဲမှာ အိုလံပစ် ရွှေတံဆိပ် ဆုရှင် Ryan Lochte ပါ

ဘရာဇီးနိုင်ငံ ရီယိုမြို့မှာ ပြီးခဲ့တဲ့ သီတင်းပါတ်က ဓါတ်ဆီဆိုင် အိမ်သာတခုကို အိုလံပစ် ရွှေတံဆိပ် ဆုရှင် Ryan Lochte အပါအဝင် အမေရိကန် အိုလံပစ် ရေကူးသမား အုပ်စုတစုက ရမ်းကား ဖျက်ဆီးခဲ့တယ် ဆိုပြီး ဘရာဇီး ရဲတွေက စွပ်စွဲလိုက်ပါတယ်။

အဲဒီ ရေကူးသမားတွေ စွပ်စွဲပြောခဲ့သလို လုယက် ဓါးပြတိုက်မှုမျိုး လုံးဝ မဖြစ်ခဲ့ဘူး ဆိုတာကို အဲဒီထဲက အနည်းဆုံး ရေကူးသမား တဦးက ထုတ်ဖော် ဝန်ခံခဲ့ကြောင်းနဲ့ အဲဒီ ရေကူးသမားတွေကို တရားစွဲသင့် မသင့် တာဝန်ရှိ ပုဂ္ဂိုလ်တွေက အခုအခါ စဉ်းစားနေကြောင်း ရီယိုမြို့ အရပ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲ Fernando Veloso က ပြောပါတယ်။

ဒီစွပ်စွဲချက်တွေကြောင့် ရီယိုမြို့ နာမည်ပျက်ခဲ့ရတဲ့အတွက် ရီယိုမြို့ခံတွေကို ပြန်တောင်းပန်သင့်တယ်လို့ သူက ပြောပါတယ်။

အစောပိုင်းတုန်းက အဲဒီ ဖြစ်ရပ်က ပုံတွေလို့ ဆိုတဲ့ ဗီဒီယို ပုံရိပ်တွေကို ဘရာဇီး ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်ပြခဲ့ပါတယ်။

အဲဒီပုံတွေထဲမှာ ရေကူးသမားတွေနဲ့ ဓါတ်ဆီဆိုင် ဝန်ထမ်းတွေ အငြင်းပွားနေပုံ၊ အဲဒီနောက်မှာ ရေကူးသမားတွေ မြေပြင်ပေါ်မှာ ထိုင်ပြီး လက်တွေကို လေထဲ မြှောက်ထားပုံတွေကို တွေ့ရပါတယ်။