ဒေါ်နယ်ထရမ့် မဲဆွယ်တာဝန်ခံ အကြီးအကဲ ပေါလ်မာနာဖေါ့ နှုတ်ထွက်

  • 19 ဩဂုတ် 2016
_paul_manafort_
Image caption မဲဆွယ် တာဝန်ခံ အကြီးအကဲ ပေါလ်မာနာဖေါ့

ရီပတ်ဘလီကင် ပါတီ ရဲ့ သမ္မတလောင်း ဒေါ်နယ် ထရမ့် ရဲ့ မဲဆွယ် တာဝန်ခံ အကြီးအကဲ ပေါလ်မာနာဖေါ့ ဟာ အလုပ် ဝင်လို့ မှ လပိုင်းပဲ ရှိသေး သလို ရွေးကောက်ပွဲ လည်း နှစ်လ သာသာ ပဲ လိုတော့တဲ့ အချိန် မှာ အလုပ် တာဝန် က နှုတ်ထွက် သွားပါတယ်။ သူ့ နှုတ်ထွက်လွှာ ကိုလည်း မစ္စတာ ထရမ့် က လက်ခံ လိုက်ပြီး သူ့ အလုပ်ကို ကျေပြွန်အောင် လုပ်ပေးခဲ့တဲ့ အကြောင်း ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပါတယ်။

ဒါပေမဲ့ အများ အမြင်မှာတော့ မစ္စတာ မာနာဖေါ့ အလုပ် က ထွက်သွားတဲ့ အပေါ် မှာ နားလည်ရ ခက်နေကြပါတယ်။ တချို့ ကတော့ လည်း ပြီးခဲ့တဲ့ မဲဆွယ်ပွဲ တွေ အတွင်း မှာ မစ္စတာ ထရမ့် ရဲ့ အပြုအမူ တွေ၊ အပြော အဆိုတွေ နဲ့ ပတ်သက်လို့ မဲဆွယ် တာဝန်ခံ တယောက် အနေနဲ့ ထိန်းသိမ်း ရ ခက်ခဲ တာကို စိတ်ပျက် ပြီး အလုပ် ကနှုတ်ထွက် လေသလား လို့ ထင်ကြေး ပေးသူ တွေ ရှိသလို ပြီးခဲ့ တဲ့ သီတင်းပတ်တွေ အတွင်း က နယူးယောက်တိုင်း သတင်းစာ ပါ အရ ဆိုရင် မစ္စတာ မာနာဖေါ့ ဟာ သက္ကရာဇ် ၂၀၀၀ ဝန်းကျင်ခန့် က ယူကရိန်း အစိုးရ ရဲ့ အကြံပေး အရာရှိ လုပ်ခဲ့ဖူး လို့ သူ့ ကို ဒေါ်လာ ၁၂ သန်း ပေးခဲ့ တာ ကို အခု လက်ရှိ ယူကရိန်း အစိုးရ ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဗြူရို က စုံစမ်းမှု တွေ နဲ့ ပတ်သက်နေ လျော့ သလား ဆိုတဲ့ သတင်းတွေ ထွက်နေလို့ပါပဲ။

ဒါပေမဲ့ မစ္စတာ မာနာဖေါ့ ဘက် ကတော့ ၂၀၁၃ ခုနှစ် က ရာထူး ကနေ ဖယ်ရှားခြင်း ခံရတဲ့ ယူကရိန်းသမ္မတ ဟောင်း ဗစ်တာ ယာနူကိုဗစ်ရှ် လက်ထက်မှာ အကြံပေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူး တာ က လွဲပြီး အမှားအယွင်း မရှိခဲ့ကြောင်း ပြောပါတယ်။

ဒါဆိုရင် မစ္စတာ မာနာဖေါ့ အနေနဲ့ သူ ဟာ အဂတိ ကင်းရှင်းတယ် ဆိုတာ ကို သက်သေ ထူချင်ရင် လုပ်စရာ ရှိတာ ကို ယူကရိန်း ပါလီမန် အမတ် ဆာဟီးလက်ရှ်ချင်ကို က ပြောရာ မှာ တကယ်လို့ မစ္စတာ မာနာဖေါ့ အနေနဲ့ စွပ်စွဲချက်တွေ ကို ငြင်းဆိုတယ် ဆိုရင် ဒီအမှု နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးတာ ကို ခံယူပြီး သူ့ရပ်တည်ချက် ကို သက်သေ ပြဖို့ လိုတဲ့ အကြောင်း၊ ယူကရိန်း နိုင်ငံ အတွင်းမှာ အဂတိ လိုက်စားမှု နဲ့ ကင်းရှင်းတယ် ဆိုတာ ကို ပြသဖို့ လိုသလို အခုလို သန်းနဲ့ ချီတဲ့ ငွေ အပေးအယူ ပြုခြင်းဟာ ဥပဒေ နဲ့ မကင်းပါဘူး လို့ ပြောတာပါ။

ယူကရိန်း အစိုးရ ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဗြူရို အကြီးအကဲ ဒါရီယာ မန်ဇူးရာ ကတော့ ပေါလ် မာနာဖေါ့ ဟာ အမေရိကန် နိုင်ငံသား ဖြစ်နေတဲ့ အတွက် သူ့ ကိုခေါ်ယူ စစ်ဆေးဖို့ မလိုပေမဲ့ စုံစမ်းမှု အရ ပေါ်ထွက် လာ တဲ့ အချက်အလက် ကို ဖေါ်ထုတ် မယ် လို့ ဆိုပါတယ်။

ဒီမိုကရက် ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန် ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ရော်ဘင်မုခ် ကတော့ မစ္စတာ မာနာဖေါ့ ကို ထုတ်ပစ် လို့ ရပေမဲ့ မစ္စတာထရမ့် နဲ့ ရုရှသမ္မတ ပူတင် တို့ နီးစပ်မှု တွေ ရှိနေခြင်း ဟာ ဖုံးကွယ် လို့ မရတဲ့ အချက်တွေ လို့ ထောက်ပြ သွားပါတယ်။